Home
ဆောင်းပါး
ဝိရောဓိနှင်းဆီ
DVB
·
September 28, 2022

၁။

၁၉၉၄ ခု၊ ဇူလိုင်လ။

ထူးရာစိုး လက်ဖက်ရည်ဆိုင်၊ ဒေါ်အောင်ဆန်းစုကြည်လမ်းထိပ်၊ မာနယ်ပလော။

‘ကိုငြိမ်းဝေဆိုတာ ခင်ဗျားလား’

မေးမြန်းနှုတ်ဆက်သူကို ကျွန်တော်ကြည့်သည်။ ကောင်းဘွိုင်ဦးထုပ်၊ ပြောက်ကျားစစ်အင်္ကျီ၊ စစ်ဘောင်းဘီ၊ ရာဘာညှပ်ဖိနပ်။ အသားဖြူဖြူ၊ ပါးရိုးနားရိုး ကျကျ၊ ခန္ဓာကိုယ် ခပ်ပါးပါး။

‘ဟုတ်ပါတယ် ခင်ဗျားက ကိုတိုက်မောင်းလား’

သူက ကျွန်တော်၏အမေးကို နှုတ်ဖြင့် ပြန်မဖြေဘဲ ကျွန်တော့်လက်ကို ဆွဲကိုင်ဖြစ်ညှစ်ကာ စားပွဲဘေးတွင် ဝင်ထိုင်လိုက်သည်။ ကျွန်တော်တို့နှစ်ယောက် နာရီဝက်နီးပါး စကားထိုင်ပြောကြ၏။ ပတ်ဝန်းကျင်တွင် ဘယ်သူတွေ ရှိနေသည်ဖြစ်ပစေ သတိမထားနိုင်။ 

သူ့ကဗျာအချို့ကို ကျွန်တော်ဝေဖန်တော့ သူက အပြုံးနှင့်နားထောင်။ ရုတ်တရက် ပြောလက်စစကားကိုရပ်ပြီး သတိတစ်ချက်ဝင်တော့ သူ့လက်ထဲတွင် ပစ္စတိုတစ်လက်ရောက်နေသည်ကို ကျွန်တော် သတိပြုမိသွားရသည်။ သူက မောင်းကွင်းထဲ လက်ညှိုးထည့်ကာ သေနတ်ကို ချာချာလည်အောင် လှည့်ကစားရင်း ကျွန်တော့်စကားကို နားထောင်သည်။ ကျွန်တော်က ရပ်ထားသည့်စကားကို ဆက်ပြီး မပြောနိုင်။ သူ့လက်ထဲကသေနတ်ကို ကြည့်သည်။ သူ့မျက်နှာကို ကြည့်သည်။

‘ခင်ဗျားကလည်း သေနတ်ကြီး ထည့်ထားလိုက်စမ်းပါဗျာ၊ စကားပြောရတာ မဖြောင့်ဘူး၊ တော်ကြာ မတော်တဆ ကျည်ဆန်ထွက်သွားမှဖြင့်’

သူကလည်း ထိုအခါကြမှ သတိပြုမိသွား၏။ ပြီးတော့မှ သေနတ်ကို လွယ်အိတ်ထဲ ထည့်လိုက်၏။ သူ့မျက်နှာက ကျွန်တော့်ကို အားနာသွားသည့် ဟန်။

‘ခင်ဗျားက သေနတ်ကို တော်တော်ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်တဲ့ပုံပဲ’

‘ဟုတ်တယ် ဖနောင့်တစ်ခြမ်းပဲ့ပြီးမှတော့ ဘယ် မကျွမ်းကျင်ပဲရှိပါ့မလဲဗျာ’

ကျွန်တော်က သူ့ခြေထောက်ဆီမျက်စေ့ရောက်သွားသည်။ သူက မောင်းကွင်းထဲလက်ညှိုးထည့်ပြီး သေနတ်ကိုလည်အောင်လှည့်ရင်းက မတော်တဆကျည်ဆန်ထွက်ကာ သူ့ညာဘက်ခြေဖနောင့် ပဲ့ထွက်သွားခြင်းကိုရှင်းပြရင်း ရယ်နေ၏။

ကျွန်တော်က သေနတ်ကိုင်ထားသည့်လက်က ဘယ်လိုလုပ်ပြီး ကဗျာတွေရေးပါလိမ့်ဟု သူငယ်နာတက္ကဗေဒအမြင်နှင့်တွေးကာ တအံ့တသြ။

‘ကျုပ်က ဒဂုန်တာရာကို သိပ်ပြီးသဘောကျတာဗျ၊  ဒါပေမဲ့  သူက ဂျပန်ခေတ်မှာ ရေထဲ သေနတ်နှစ်ချက်ပစ်လိုက်ဖူးတာပဲရှိတယ်၊ ကျုပ်နဲ့မတူဘူး၊ ခင်ဗျားကော’

ကျွန်တော်က တပ်မဟာ ၁ နယ်မြေ အတွေ့အကြုံကို ပြန်ပြောပြနေမိသည်။ ထိုစဉ်က ကျွန်တော်သည် အတူလိုက်ပါလာသူ KNLA ရဲဘော်တချို့နှင့် လမ်းလွဲသွားခဲ့၏။ တောထဲတွင် ဆယ်မိနစ်ခန့် တစ်ယောက်ထဲ အဖေါ်ကွဲနေစဉ် ကြံရာမရသည့်အဆုံး ရဲဘော်တစ်ဦးထံက ခေတ္တဝိုင်းကူထမ်းပေးရင်းပါလာသော M-16 ရိုင်ဖယ်ကို မိုးပေါ်ထောင်စေ့ဖွင့်ကာ မောင်းကွင်းထဲကလက်ညှိုးကိုညှစ်လိုက်၏။ သစ်ရွက်တချို့ ကျည်ဆန်ဖြတ်သွားသည့်အသံနှင့်အတူ တတောလုံး သေနတ်သံလှိုင်းများ ပဲ့တင်ထပ်ညံသွားခဲ့၏။ 

ရုတ်တရက်ဆိုသလို သေနတ်ကို ခန္ဓာကိုယ်နှင့် အဝေးဆုံးတွင်တွန်းထားလိုက်ကာ ရင်ထဲ တဒိတ်ဒိတ် ခုန်နေခဲ့သည့်အဖြစ်ကို ပြောပြလိုက်သည်။ ထိုအတွေ့အကြုံသည်ကား ကျွန်တော့်ဘဝတွင် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် သေနတ်ပစ်ဖူးခြင်းဖြစ်သည်။

ကျွန်တော်က စကားအဆုံးတွင် ကျွန်တော့်ကို သဘောကျစွာရယ်မောပြလိမ့်မည်ဟုထင်နေစဉ် သူကမူ မပြုံးမရယ်ဘဲ ခတ်တွေတွေကြည့်၏။

‘အေးဗျာ ခင်ဗျားနှလုံးသားမျိုး ကြိုက်တယ်၊ ဒါပေမဲ့ကျုပ်ဘဝကတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲလေ’

သူ့ကို ကျွန်တော်နားလည်သည်။ သူသည်ကား စစ်ကိုမုန်းသဖြင့်စစ်တိုက်နေရသူ ကဗျာဆရာ တော်လှန်ရေးစစ်သားတစ်ဦး။ သူနှင့်စတင်တွေ့ဖူးသည့် ထိုအတွေ့အကြုံတစ်ခုတည်းနှင်ပင် သူ့ကို အမှန်တကယ် ကျွန်တော် စွဲမက်ခဲ့လေသည်။

၂။

‘ခင်ဗျားရေးတဲ့ကဗျာမျိုးတွေ မရေးတတ်ပါဘူး’

ကျွန်တော့်ကို သူက မဝေခွဲတတ်သလို ကြည့်သည်။ မျက်မှောင်ကြုတ်သည်။

‘ဒါ ခင်ဗျားပြောမှပဲလားဗျ၊ ဒီလိုပဲ တစ်ယောက်ရေးသလို ဘယ်သူက တူအောင် ရေးတတ်ကြမှာလဲ’

သူ့မျက်နှာပေါ်တွင် အပြုံးရိပ်များ ပေါ်လာ၏။

‘မဟုတ်ဘူး ကျွန်တော်ဆိုလိုတာက ခင်ဗျားက အခက်ဆုံးအကြောင်းအရာကို ကဗျာနဲ့ဖေါ်ပြတဲ့သဘောဗျ။ ဇာတ်သဘင်မှာ ဟာသပညာက အခက်ခဲဆုံးလို့ပြောကြသလို ကဗျာမှာလည်း လှောင်ပြောင်တဲ့ ထေ့ငေါ့တဲ့ကဗျာမျိုးက သိပ်ခက်တာဗျ၊ ခင်ဗျားက အဲသလိုကဗျာမျိုးတွေ တော်တော်ရေးတတ်တယ်၊ ရေးတိုင်းလည်း ထိတယ်၊ ကျုပ်ဖြင့် တစ်ပုဒ်မှ မရေးဖူးဘူး’

‘ခင်ဗျားလည်း ရေးပါတယ်လေ ကဗျာဆရာနှင့် ရသလွန်ဟင်းခွက်များကဗျာ ခင်ဗျားရေးတာပဲဟာ’

ကျွန်တော်တို့နှစ်ယောက် satire ကဗျာအကြောင်းပြောကြသည်။ သူက ဗါးတော့ဗရက်ကို စပြောသည်။ ကျွန်တော်ကယက်တူရှန်ကိုလည်း satire  ကဗျာမျိုး ရေးတတ်ကြောင်း ပြောပြရသည်။ မြန်မာကဗျာဆရာထဲမှာတော့ မောင်စွမ်းရည်တို့ မင်းလူတို့မှာ satire  ကဗျာ အရေးကောင်းသူများဖြစ်ကြောင်း ပြောဖြစ်ကြသည်။ သူ့ကို နားလည်ရခက်ခဲလှသည်မဟုတ်ပါ။ သူသည်ကား ဗားတော့ဗရက် ခရေဇီတစ်ဦး။

‘ကျွန်တော်လား ကျောက်သားမျက်ရည်လို တပြည်သူလို ကဗျာမျိုးလည်း ရေးပါတယ်’

သူ့ရဲ့ ဆင်ခြေပေးမှုဝန်ခံမှုကို ကျွန်တော်က ခေါင်းညိမ့်ပြီးသဘောတူလိုက်ရသည်။ သူ့ကို လရောင်နဲ့နေလုံး နှစ်ခုစလုံး ခေါင်းအုံးအိပ်တတ်သူ အိပ်နိုင်သူဆိုတာ ကျွန်တော်မငြင်းလိုပါ။ ဒါပေမဲ့ သူ့ကဗျာအများစုက လောကကြီးကို ခါးခါးသက်သက် အငေါ်တူးချင်တဲ့သဘော။ လောကကြီးရဲ့ ကမောက်ကမ ဖေါက်ပြန်ဖေါက်လွဲဖြစ်မှုများအပေါ် အထူးသဖြင့် စည်းအတွင်းက ဖေါက်ပြန်မှားယွင်းမှုများအပေါ် ဒေါသပေါက်ကွဲပြီး ကဗျာထဲမှာ သူ့ရဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းက ထေ့သည့်လှောင်သည့် နည်းနာ။

‘တကယ်တော့ဗျာ အတွင်းစည်းထဲက ကိစ္စဆိုတော့ ကျုပ်အဖို့ အ,အ ဒေါသဖြစ်ပြီး အသံမထွက်ဘဲ ဆဲရတဲ့အလုပ်မျိုးကို ရေးရတာဆိုတော့ ကျုပ်ကဗျာတွေ ရုတ်တရက် နားလည်ရခက်ကုန်တော့တာပေါ့ဗျ’

သူက သည်လို ရှင်းရှင်းလင်းလင်းဖြေချသည့်တိုင် ကျွန်တော်ကတော့ သူ့ကဗျာတွေကို နားလည်အောင် ကြိုးစားနိုင်ခဲ့၏။ သူ၏ “ကုလားထိုင်စိုက်ပျိုးရေး” ကဗျာ။ “ဇိတံမေ၏ နိဒါန်း” ကဗျာ။ “အိပ်မက်ကြီးကို မီးလောင်တဲ့ ည” ကဗျာ။ “လားတစ်ကောင်ဖတ်ဖို့ ဖတ်စာ” ကဗျာများကို ကျွန်တော်ဖတ်သည်။ သူ၏ အဆုံးမသတ်နိုင်ခဲ့သည့် “မိခင်၏စာမျက်နှာနှင့် မြင့်မိုရ်တောင်တမ်းချင်း” ကဗျာထဲက စာသားများကို ကျွန်တော်ဖတ်သည်။ သူသည်ကား တကယ့်ကို ဝိရောဓိနှင်းဆီမှ နှင်းဆီ။ 

၃။

‘ခင်ဗျား နေကော ကောင်းရဲ့လား’

‘လူကတော့ နေကောင်းပါတယ် စိတ်က မကောင်းဘူးဗျ’

သူက ကာဘိုင်သေနတ်ကိုပခုံးပေါ်ထမ်းရင်း သံလွင်မြစ်သောင်စပ်ကိုဆင်းသည်။ ကျွန်တော်က သူနှင့်ယှဉ်ကာ သောင်စပ်ကိုရောက်လာသည်။ သူက မောင်းကွင်းထဲလက်ညှိုးထည့်ကာ သေနတ်ကို တစ်ချက်နှစ်ချက် လှည့်ကြည့်နေ၏။ ဆကြည့်နေ၏။

‘ဟုတ်တယ်ဗျာ ကျုပ် ရှေ့တန်းမှာ စစ်ပူနေပေမယ့် ပြောစရာရှိလို့ ပြန်လာတာ၊ ကျုပ်ရဲဘော်တွေကို စိတ်မချဘူး၊ ရန်သူက ကိုယ်ရောင်ဖျောက်သလို ရောက်လာတတ်တာဗျ’

ကျောင်းသားတပ်မတော်၏ ဌာနချုပ်စခန်းဒေါင်းဂွင်မှာ ရန်သူ့လက်သို့ကျသွားခဲ့ပြီဖြစ်သည်။ ကျောင်းသားတပ်မတော်၏ တပ်ရင်းတပ်ဖွဲ့တချို့ ရန်သူ့တပ်နှင့် သူကျွံကိုယ်ကျွံဖြစ်ကာ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေချိန် သူသည် နောက်တန်းသို့ပြန်လာခဲ့၏။ ဗဟိုကော်မတီတစ်ဦးနှင့် အယူအဆမတူသည်ကို ဆွေးနွေးရန် ပြန်လာခြင်းဖြစ်သည်ဟု ဆို၏။

‘ခင်ဗျား ဒီညနေပဲ ပြန်သွားရမှာလား’

‘ဟုတ်တယ် ပြန်ရမယ်၊ ခင်ဗျားကရော ဒီမှာ ဘာလာလုပ်တာလဲ’

ကျွန်တော်က နအဖစစ်သားတစ်ယောက် အရှင်ဖမ်းမိထားသည်ကို သတင်းလာယူကြောင်း ရှင်းပြရသည်။ 

‘မာနယ်ပလောမှာကော ဘယ်လို အခြေအနေရှိသလဲဗျ’

‘အတိအကျတော့ မပြောတတ်ဘူး၊ ဒါပေမဲ့ အခြေအနေတွေကတော့ရှုပ်ထွေးနေတာပဲ၊ ခုပဲ မြစ်ဆုံမှာ ပြဿနာ ဖြစ်လာနေတာပဲဟာ၊ ဒါထက် ခင်ဗျား ဒီမှာတစ်ညလောက် အိပ်သွားလို့မဖြစ်ဘူးလား မနက်ကြမှ ခပ်စောစော ထပြန်ပေါ့’

ကျွန်တော်က သူ့ကို တစ်ညလောက်တော့ အနားယူစေချင်သည်။ သူ့ပုံပန်းမှာ ယဲ့ယဲ့မျှသာရှိသည်။ အိပ်ရေးပျက်ခြင်း၊ အစားဆင်းရဲခြင်း၊ မနားမနေသွားလာလှုပ်ရှားနေရသဖြင့် သူ့အသားအရေမှာ ဖြူဖတ်ဖြူယော်။ သူ့ခန္ဓာကိုယ်ပေါ်ကစစ်ဝတ်စုံမှာ ချွေးအလိမ်းလိမ်း၊ ချေးအထပ်ထပ်။ သူက သူ့တပ်ရင်းဆီကိုသာ စိတ်ရောက်နေသည်။ စိတ်ပူနေသည်။

‘ကျွန်တော်ပြန်မှဖြစ်မယ် ပြောစရာရှိတာလည်း ပြောပြီးပြီပဲဗျာ၊ တခုတော့ရှိတယ် ကိုငြိမ်းဝေ၊ ကျုပ်တော့ အခုတိုက်နေရတဲ့စစ်ပွဲမှာ ကျသွားရင်ကောင်းမယ်ထင်တယ်ဗျာ၊ တော်ကြာ ကျုပ်တို့ဘဝတွေ ရိုင်းကုန်လိမ့်မယ်’

သူက ပြောပြောဆိုဆို ကျွန်တော့်ကိုနှုတ်ဆက်ပြီး တောစပ်ဆီမျက်နှာမူလိုက်သည်။ ကျွန်တော်က စစ်ထွက်သူ ကဗျာဆရာ၏ နှုတ်ဆက်စကားအပေါ် စိုးရိမ်ထိတ်လန့်သွားရသည်။ စစ်ထွက်သူတစ်ဦးအဖို့ သည်လိုစကားမျိုး မပြောသင့်ဘူးဟု စေတနာနှင့်တားမြစ်ကြည့်ချင်သည်။ သို့သော် သူ့စိတ်ကို ထင့်စေမည်ဟု ယူဆပြီး ဘာတစ်ခွန်းမျှ မဟနိုင်ခဲ့။

ကျွန်တော့်ကို ကြောပေးကာ သူ့ရဲဘော်နှစ်ဦး၏နောက်မှ ကာဘိုင်သေနတ်ထမ်းပြီး လိုက်ပါသွားသည့်သူ့ကို မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ ကျွန်တော် ရပ်ကြည့်နေခဲ့မိသည်။ သည်တစ်ကြိမ် သူ့ကိုတွေ့ဆုံခြင်းမှာ ကျွန်တော့်အဖို့ နောက်ဆုံးအကြိမ်ဖြစ်သည်ကိုမူ ကျွန်တော်မသိနိုင်ခဲ့။ တစ်ခုတော့ရှိသည်။ သူနှင့်ကျွန်တော် ပထမဆုံးအကြိမ်တွေ့ဆုံစဉ်က သူ့လက်ထဲကသေနတ်မှာ ပစ္စတိုတစ်လက်ဖြစ်ပြီး ယခုတစ်ကြိမ် နောက်ဆုံးတွေ့ဆုံသည့်အခါတွင်မူ သူ့လက်ထဲ၌ ကာဘိုင်သေနတ် ရှိနေခဲ့၏။

နေဝင်ရီတရောအချိန်၊ တောင်ခြေတောအုပ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားနေသည့် ကဗျာဆရာတိုက်မောင်းကို ကျွန်တော်ငေးနေမိသည်။ သူသည် သေနတ်နှင့်ကလောင်ကို ဘယ်တော့မှ လက်ကမချခဲ့သူ ဖြစ်ချေ၏။

၄။

၁၉၉၅ ခု၊ ဧပြီလ ၂၆ ရက်နေ့တွင် ကဗျာဆရာ တိုက်မောင်း မမျှော်လင့်ဘဲ ကျဆုံးသွားခဲ့သည်။ သူ့သတင်းကို ကဗျာဆရာမ မိဆူးပွင့်ဆီက တဆင့်ကြားရခြင်းဖြစ်သည်။ အစပထမတော့ မယုံကြည်နိုင်အောင်ဖြစ်ရသည်။ နောက်တော့မှ အရှိကိုအရှိအတိုင်း ကျွန်တော့်မှာ လက်ခံဖို့ ကြိုးစားယူရတော့၏။

သူမရှိတော့ပြီကောဟူသောအသိကို ကျွန်တော့်မှာ မကြာခဏပုတ်ချနေမိသည်။ သူက သူ့အလောင်းကို မြန်မာပြည်ထဲကမြေပေါ် မြှုပ်နှံဖို့မှာခဲ့သည်ဟုသိရတော့ ကျွန်တော့်မှာ နှလုံးသားများ တဆတ်ဆတ် တုန်ရင်…။ 

ထိုစဉ်က ကျွန်တော်သည် ဥရောပမဲဇာသို့ ထွက်ခွာရန်စီစဉ်နေသည့်အချိန်။ သူ့အတွက် ပိုပြီး ကြေကွဲရတော့သည်။ ကျွန်တော်ချစ်သော ကဗျာဆရာတစ်ယောက် ကျဆုံးသွားသည့် တချိန်တည်းမှာ ကျွန်တော်က ဥရောပသို့ တော်လှန်ရေးတာဝန်ဖြင့်ပင် ထွက်ခွာရန်ပြင်ဆင်နေသည်မှာ မသင့်လျော်။ ကိုယ့်ကိုယ်ကိုယ်မလုံ။ လိပ်ပြာမသန့်။ ထို့ကြောင့် ကျွန်တော့်ကိုခွင့်လွှတ်ဖို့၊ ကျွန်တော့်ကိုနားလည်ပေးဖို့ သူ့ဝိညာဉ်ကို အကြိမ်ကြိမ် တောင်းပန်နေခဲ့မိ၏။ 

၁၉၉၅ ခု နှစ်ဦးပိုင်း တောစပ်တနေရာတွင် သူ ပြောသွားခဲ့သည့် စကား။

‘ကျုပ်တော့ အခုတိုက်နေရတဲ့စစ်ပွဲမှာ ကျသွားရင် ကောင်းမယ်ထင်တယ်ဗျာ၊ တော်ကြာ ကျုပ်တို့ဘဝတွေ ရိုင်းကုန်လိမ့်မယ်’ ဟု တိုက်မောင်း ပြောခဲ့၏။

အခုတော့ ကဗျာဆရာတိုက်မောင်း တကယ်ပင်ကျဆုံးသွားခဲ့သည်။ သူ့ဘဝသည်မရိုင်း။ လှပတောက်ပြောင်လွန်းပေစွ။ ဘဝကို အနိုင်နှင့် ပိုင်းသွားခဲ့သူ။ 

သေနတ်ကိုင်ထားသည့် သူ့ကို ကျွန်တော်နားလည်သည်။ ကလောင်ကိုင်ထားသည့် သူ့ကို ကျွန်တော် လေးစားသည်။ သူလို နှလုံးသားရှိသူကို ကျွန်တော်ချစ်သည်။ ‘နေ့သစ်တစ်ခု မွေးဖွားဖို့ နေလုံးတူးဆွခဲ့သူများ’ ကို ကျွန်တော် နားမလည်လို့မဖြစ်။ မချစ်၍မဖြစ်။ နားလည်ရမည်။ ချစ်ရမည်။ သို့နှင့် တိုက်မောင်းအတွက် ကဗျာတစ်ပုဒ် ကျွန်တော်ရေးခဲ့၏။ ထိုကဗျာထဲက ကဗျာစာသားတချို့…။

ခင်ဗျားအဖို့

ကျွန်တော်တို့ခေတ်ရဲ့ မာယာဘုံမှာ

ကဗျာဆရာတစ်ယောက်အဖြစ် 

ထုံးတို့လို့ ထားရစ်ခဲ့သူ

ဧကရာဇ်ကို စစ်ကြေညာကြ

သူပုန်ဘဝရဲ့ ဂုဏ်ဟူသမျှ

ကုန်လုံကြွယ်၀ ပြခဲ့သူ

ဖြူစင်ခြင်း တောင်ကုန်းမှာ

ရောင်ထုံးဖြေချ မြေကျခဲ့သူ…။

အို မြတ်သော ဝိညာဉ်

သို့မဟုတ်

ရဲဘော် တိုက်မောင်း ရေ

မိုးတွေညို့ရင် မျက်ရည်စို့တယ်တဲ့

ခင်ဗျားရဲ့ မခင်သီ

ကျွန်တော့်ရဲ့ မဒေဝီလေ

ကွဲကြေလို့ မဆုံး…။    ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

မှတ်ချက်။    ။ “နေ့သစ်တစ်ခုမွေးဖွားဖို့၊ နေလုံးတူးဆွခဲ့သူများ…”စာသားမှာ ချစ်သောကဗျာဆရာ ယောဟန်အောင်၏ ကဗျာတစ်ပုဒ်မှ စာသားဖြစ်ပါသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024