
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက္ကန်ရွာကို ဒီနေ့ စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့နေပြီး ပြည်သူ ၁၅ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်သားအင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းနဲ့ သရက္ကန်ရဲကင်းက စစ်သားနဲ့ ရဲအင်အား ၄၀ လောက်ပေါင်းပြီး မနက် ၁၀ နာရီလောက်မှာ ဒေါ်အေးဌေး အိမ်ကနေစလို့ မီးရှို့ဖျက်ဆီးနေတာလို့ သရက္ကန်ရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဒေါ်ဌေးရီ မိသားစုက အသက် ၁ နှစ်သားကလေး ၁ ယောက်၊ အသက် ၈၀ အရွယ်အဖွား ၁ ယောက်အပါဝင် မိသားစုဝင် ၇ ယောက်နဲ့ ဒေသခံပြည်သူ စုစုပေါင်း ၁၅ ယောက်ကို ဖမ်းဆီးထားတာလို့လည်း ဆိုပါတယ်။
“ကျနော်တို့ရွာက အိမ်ခြေ ၃၀၀ ကျော်လောက်ရှိပြီး ဇူလိုင် ၃ ရက်နေ့မှာလည်း စစ်(...)၊ပျူ(...)တွေ မီးရှို့ခဲ့လို့ အိမ်ခြေ ၃၀ လောက် ပျက်စီးခဲ့ပြီးပြီ။ ဒီတကြိမ်မှာတော့ အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းတယ်ဆိုတာကို မသိရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
မကွေးတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ သြဂုတ်လ ၂၅ ရက်နေ့အထိ အိမ်ခြေ ၅၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၂၈၄၃၄ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။