Home
ဆောင်းပါး
ပြည့်ရန်သူ မကောင်းဆိုးဝါးစစ်ပုပ်ထဲက စစ်ပဲများ
DVB
·
September 27, 2022

အဆိပ်ပင်ကနေ စားကောင်းတဲ့အသီးမျိုးမသီးနိုင်ဘူး၊ အဆိပ်သီးသာလျှင် သီးတယ်ဆိုတာကို ဒီကနေ့ နိုင်ငံနဲ့ ပြည်သူရဲ့ဘုံရန်သူ စစ်အခွင့်ထူးခံအသိုင်းအဝိုင်းရဲ့ သားစဉ်မြေးဆက် မိစ္ဆာမျိုးဆက်တွေရဲ့ လုပ်ရပ်က သက်သေထူ‌နေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ တီမောနိုင်ငံမှာ ကျင်းပခဲ့တဲ့ "The Dili Dialogue Forum under the title of Media Challenges မီဒီယာဖိုရမ်မှာ ဝန်ကြီးဟောင်း၊ ရေတပ်ဗိုလ်ချုပ်ဟောင်း စိုးသိန်းရဲ့သားဖြစ်သူ အေးချမ်းက စစ်အစိုးရကိုဆန့်ကျင်‌နေကြတဲ့ တော်လှန်‌ရေးအင်အားစု မြန်မာပုဂ္ဂလိကမီဒီယာတွေမှာ သန်းနှင့်ချီတဲ့ Followers ပြည်သူ‌တွေရှိနေပြီး လူအများစုဟာ ပညာမတတ်တာမို့ သတင်းတုသတင်းအမှားတွေကို ယုံကြည်နေကြကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူဟာ အကြမ်းဖက်စစ်တပ်က ဖွဲ့စည်းထားတဲ့ FACT CHECK ဝါဒဖြန့် အတုအယောင်အဖွဲ့ရဲ့ အချက်အလက်အမှားတွေအပေါ်မှာ အခြေခံပြီးပြောခဲ့တာဖြစ်ပါတယ်။

အေးချမ်းဟာ ပြည်သူကိုလှည့်စားပြီး အကွက်ချစီစဥ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအလိမ်နဲ့ အစိုးရတက်လုပ်ခဲ့တဲ့ စစ်ဘောင်းဘီချွတ်အစိုးရရဲ့ ဝန်ကြီးဟောင်း၊ ရေတပ်ဗိုလ်ချုပ်ဟောင်း စိုးသိန်းရဲ့သားဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအဖြစ် rgo47 ရဲ့ဥက္ကဋ္ဌ၊ UOB Bank ဒါရိုက်တာနဲ့ E-Commerce Association of Myanmar (ECAM) ရဲ့ ဥက္ကဋ္ဌ အဖြစ် လုပ်ဆောင်နေသူလည်းဖြစ်သလို အေးချမ်းဟာ မင်းအောင်လှိုင် စိတ်ကြိုက်ဖွဲ့စည်းခဲ့တဲ့ သတင်းမီဒီယာကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေပါတယ်။

သူ့အဖေ ရေတပ်ဗိုလ်ချုပ်ဟောင်း စိုးသိန်းဆိုတာ အများသိပြီးကြတဲ့အတိုင်း နိုင်ငံနဲ့ပြည်သူအပေါ် စိတ်ကောင်းစေတနာ နည်းနည်းမှမရှိဘဲ တိုင်းပြည်ဘဏ္ဍာတွေကို ခိုးဝှက်ပြီး ချမ်းသာ‌လာတာကို မရှက်တတ်တဲ့ အကျင့်ပျက် စစ်သူခိုးဓားပြအကြီးစားပဲဖြစ်ပါတယ်။ ဘမျိုးဘိုးတူ ဒီသူခိုးဓားပြသားဟာ ဆင်းရဲသားအများပြည်သူလူထုအပေါ်‌ စိတ်ယုတ်မာအမြဲထားတဲ့ ဒီပုပ်ထဲကဒီပဲ၊ အဆိပ်ပင်ကသီးတဲ့အဆိပ်သီးမို့သာ အကြမ်းဖက် လူသတ်စစ်ကောင်စီအတွက် ကမ္ဘာပုံအလယ်မှာ အရှက်အကြောက်မဲ့စွာ လိမ်ညာမုသားဆိုရဲတာ ဖြစ်တာတယ်။ 

မြန်မာနိုင်ငံရဲ့မူလလက်‌ဟောင်းစစ်အာဏာရှင်နေဝင်းရဲ့မြေး အေးနေဝင်းဆိုတာလည်း ယုတ်ညံ့တဲ့ အဖိုးသွေး‌တွေ သူ့ခန္ဓာအတ္တဘောထဲမှာ အပြည့်စီးဆင်းနေတာကို သူ့အပြောအဆို၊ သူ့အတွေးအခေါ်၊ သူ့လုပ်ရပ်တွေအရ ပြည်သူတိုင်းမြင်ခဲ့ကြရပြီးဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ အေးနေဝင်းဟာ မဘသ၊ အမျိုးသားရေးသမားတွေ ရွှေဘဲစားသောက်ဆိုင်မှာ တွေ့ဆုံခဲ့ကြတဲ့နောက်ပိုင်းမှာ ပြည်သူ့ပါတီ NLD ကို တိုက်ခိုက်ရေးအရှိန်မြှင့်လာခဲ့တာဖြစ်ပါတယ်။ သူ့အဖိုးနေဝင်း ခိုးဆိုးလုယက်ဓားပြတိုက်ထားတဲ့ ပြည်သူ့ဘဏ္ဍာတွေကို ကိုယ်တိုင်စံစားရုံမက ပြည်သူလူထုရဲ့ ဒီမိုကရေစီပန်းတိုင်ကို ဖြိုဖျက်ဖို့ရာမှာ သုံးစွဲခဲ့တဲ့ ဆန်ကုန်မြေလေး ပြည့်ရန်သူတစ်ဦး ဖြစ်ပါတယ်။

နိုင်ငံနဲ့ပြည်သူကို ဘက်ပေါင်းစုံကနေ ယုတ်မာကောက်ကျစ်စွာ ဖျက်ဆီးခဲ့ကြတဲ့ စစ်အာဏာရှင်အသိုက်အဝန်း အဆက်ဆက်နဲ့ သူတို့ရဲ့မျိုးဆက်ယုတ်‌တွေကို ပြန်ကြည့်လိုက်ရင် ပထမလူသတ်စစ်အာဏာရှင်နေဝင်းသမီး စန္ဒာဝင်း၊ မြေးယုတ်အေးနေဝင်း၊ ဒုတိယမြောက် လူသတ်စစ်အာဏာရှင်သန်းရွှေရဲ့သမီးတွေနဲ့ မြေးဖိုးလပြည့်၊ လက်ရှိ လူသတ်စစ်အာဏာရှင်မင်းအောင်လှိုင်သား အောင်ပြည့်စုံ၊ မူလပထမအာဏာရှင်နေဝင်း လက်ထက် ကာချုပ်ထင်ကျော်ရဲ့သား လက်ရှိ လေတပ်ဦးစီးချုပ်မောင်မောင်ကျော်၊ ပျော့ပျော့လေးနဲ့နံတဲ့ ကြောင်ချီး သိန်းစိန်ရဲ့‌ဘောင်းဘီချွတ်စစ်အစိုးရလက်ထက်ဝန်ကြီး‌တွေအနက် အခိုးဆုံး အချမ်းသာဆုံးဟု သတ်မှတ်ခံရသူများတွင် စက်မှု (၁) ဝန်ကြီးဟောင်း ဦးအောင်သောင်းရဲ့သား ရေတပ်ဦးစီးချုပ် မိုးအောင်၊ သူခိုးစီးပွားရေး လုပ်ငန်းရှင်ဦးနေအောင်၊ အာဏာရှိစဉ်မှာ လွတ်လပ်စွာယှဉ်ပြိုင်မှုမပြုရဘဲ အခွင့်ထူးခံခွင့်နဲ့ ချမ်းသာသွားတဲ့ရွှေမန်းသား အောင်သက်မန်းတို့နဲ့ တခြားသော စစ်ဗိုလ်ယုတ်အသိုင်းအဝိုင်းက သားစဉ်မြေးဆက်ဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ နိုင်ငံနဲ့ ပြည်သူ့ဘဏ္ဍာတွေကိုခိုးဆိုးလုယက်ပြီး မသန့်ရှင်းစွာချမ်းသာကြွယ်ဝယုံသာမက အခုချိန်အထိလည်း မိယုတ်ဖယုတ် အဖိုးယုတ်တွေဆီက သွေးဆိုးသွေးပုပ်တွေကူးစက်ပြီး ပြည်သူလူထုအပေါ် စိတ်ယုတ်မာနဲ့ ဒုက္ခပေးနေကြတုန်း ဖြစ်ပါတယ်။

စစ်အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာဆိုရင် လက်နက်နဲ့ သတ်ဖြတ်ပြီး တိုင်းပြည်ကို ဇွတ်အုပ်ချုပ်ခဲ့တာ ၁ နှစ်ခွဲကျော်အပြီး အခုချိန်ထိ မအုပ်ချုပ်နိုင်သေးဘဲ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက် စစ်အုပ်ချုပ်ရေး သက်တမ်းမတိုးခင် ပြည်သူ‌တွေကို စိတ်ကြိုက်သတ်ဖြတ်ပြီး စာဖတ်အနားယူ‌နေတယ်ဆိုတဲ့ သူ့ဆရာအာဏာရှင်ဟောင်းသန်းရွှေနဲ့ တကြိမ်မက တွေ့ဆုံ အကြံတောင်းခဲ့ကြောင်း၊ အဲ့ဒီ စစ်ဓားပြခေါင်းကိုင်အစည်းအဝေးမှာ ပြည်သူပိုင် နိုင်ငံပိုင်မြေယာတွေမတရားသိမ်းပြီး လယ်စိုက်ရင်းအနားယူနေတယ်ဆိုတဲ့ ကြောင်ချီးသိန်းစိန်လည်း ပါဝင်တယ်လို့သိရပါတယ်။

ဘာကြောင့် စစ်ဘောင်းဘီချွတ်ပြီး သမ္မတလုပ်တဲ့သိန်းစိန်ကို ကြောင်ချီးလို့ ခေါ်ကြရတာလည်းဆိုတော့ တခြားစစ်ဗိုလ်ယုတ်တွေဖြစ်တဲ့ အောင်‌သောင်း၊ မျိုးညွှန့်၊ ထွန်းကြည်၊ ကျော်ဘ၊ မြင့်အောင်၊ သိန်းအောင်၊ ရဲမြင့်၊ အုန်းမြင့်၊ သန်းဌေး၊ မင်းကင်းမောင်မြင့်၊ ဘူးလက်လှဆွေ၊ ခင်ရီ စတဲ့စစ်ဘီလူးဓားပြတွေက ရုပ်ကြမ်းစိတ်ကြမ်းအပြောကြမ်းတဲ့ လူမိုက်ဗာလတွေဖြစ်ကြတော့ သူတို့ယုတ်မာတာကို ပြည်သူလူထုက ချက်ခြင်းသိနိုင်တယ်။ ခလေးမျက်နှာနဲ့ သိန်းစိန်တော့ ပြည်သူကို မိဘပြည်သူများခင်ဗျားလို့ အပျော့ဆွဲဆွဲပြီး နောက်ကျောကနေ ဓားနဲ့အသားကုန် အဆုံးထိထိုးခဲ့သူဖြစ်လို့ပါပဲ။

မသိနားမလည်တဲ့ပြည်သူတွေကို သူကဘဲ ဒီမိုကရေစီမျိုးစေ့ အပင်ပေါက်စေသူလိုလို လမ်းဖွင့်‌ပေးခဲ့သူလိုလိုနဲ့ တကယ်တမ်းက စစ်အာဏာရှင်အခွင့်ထူးခံစနစ် သန္ဓေကျားကို ဒီမိုကရေစီမျ က်နှာဖုံးစွပ်ထားတဲ့ ၂၀၀၈ နာဂစ်စစ်ကျွန်ဥပဒေကိုအ သက်သွင်းခဲ့သူဖြစ်ပါတယ်။ ကြောင်ချီးသိန်းစိန် အသက်သွင်းသွားတဲ့ စစ်အာဏာရှင်သန္ဓေကျားဟာအခုဆို အာဏာရူးမင်းအောင်လှိုင်က ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံအောက်ကနေဆွဲထုတ်ပြီး ပြည်သူလူထုကိုသွေးချောင်းစီးသတ်ဖြတ်လို့ နိုင်ငံကို မီးတိုက်ဖျက်ဆီးနေပြီမဟုတ်လား။

ဒီဆောင်းပါးကိုနိဂုံးချုပ်ရရင် မြန်မာနိုင်ငံနဲ့ပြည်သူတွေအပေါ် နှစ်ပေါင်း ၆၀ ကျော်ရက်စက်ယုတ်မာစွာ ဗိုလ်ကျအနိုင်ကျင့်လာခဲ့တဲ့ စစ်မိစ္ဆာအခွင့်ထူးခံ ဓားပြဂိုဏ်းသားတွေနဲ့ သူတို့ရဲ့ သားသမီးမြေးမြစ်တွေဆိုတာ ဘမျိုးဘိုးတူ  မကောင်းဆိုးဝါးစစ်ပုပ်ထဲက စစ်ပဲများသာ ဖြစ်ကြပါတယ်။

အဲ့ဒီ သွေးဆိုးပြည်ပုပ် စစ်အုပ်ကြီးတအုပ်လုံးဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့  NLD ပြည်သူ့ပါတီ မဲအများစုနဲ့အနိုင်ရပြီး လွှတ်တော်ထဲဝင်ရောက်လာကတည်းက ပြည်သူလူထုရဲ့ ဒီမိုကရေစီပန်းတိုင်ကို ချေဖျက်ဖို့ အုပ်စုခွဲတာဝန်ယူပြီး ယုတ်မာပက်စက်စွာ ကြံစည်ပြင်ဆင်ခဲ့ကြပါတယ်။

တချို့စစ်တပ်အသိုင်းအဝိုင်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထောင်ပြီး နိုင်ငံရေးလိုင်းမှာ လုပ်ကြံကြသလို တချို့ စစ်ဗိုလ်ယုတ်တွေနဲ့သူတို့သားသမီးတွေက တိုင်းပြည်ဘဏ္ဍာအညွှန့်ခူးစားပြီး စီးပွားရေးလိုင်းမှာ ဖျာခင်းကြပါတယ်။ တချို့စစ်ဗိုလ်ယုတ်တွေက မီဒီယာလိုင်းမှာ ပြည်သူကိုဂျင်းထည့် အဆိပ်ခတ်ကြသလို၊ ခင်ရီတို့လို စစ်ဗိုလ်ယုတ်တွေက မဘသ အမျိုးသားရေးလိုင်းနဲ့ တပ်ထောက်ခံပွဲတွေလုပ်၊ NLD ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ခိုးရာပါပိုက်ဆံတွေသုံးပြီး ယုတ်မာခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် စစ်ဗိုလ်ယုတ်ကြီးတွေသာမက သူတို့နဲ့သန္ဓေတူသားစဥ်မျိုးဆက် နိုင်ငံတော်ရဲ့ပြည့်ရန်သူ မကောင်းဆိုးဝါးစစ်ပုပ်ထဲက စစ်ပဲတွေကို ဒီနွေဦးတော်လှန်ရေးအဆုံးသတ်တိုက်ပွဲမှာ အမြစ်ဖြတ်‌ရှင်းလင်းကြရမှာ မြန်မာနိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန်ကြီးဖြစ်ပါကြောင်း ရေးသား နှိုးဆော်လိုက်ပါတယ်။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024