Home
မြန်မာသတင်း
သီတင်းကျွတ်ကာလတွင် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်ရန် မိသားစုများ မျှော်လင့်
DVB
·
September 27, 2022
309058061_10158950435927913_5324069666745341786_n

အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့် အောက်တိုဘာလအတွင်း သီတင်းကျွတ်ကာလမှာ  နိုင်ငံရေးအကျဉ်းသားတချို့အပါအဝင် အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်လို့ အကျဉ်းကျခံနေရသူတွေရဲ့ မိသားစုတွေနဲ့ ရှေ့နေတွေက ခန့်မှန်းပြောပါတယ်။

မြန်မာနိုင်ငံအနှံ့ အကျဥ်းထောင်အသီးသီးမှာ  နိုင်ငံရေးပြစ်မှုနဲ့တခြားအမှုတွေကို လာမယ့် အောက်တိုဘာအတွင်းမှာ လွတ်ပေးနိုင်တယ်လို့ ရှေနေတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"အမှုကြီးမဟုတ်တဲ့သူတွေ အကြမ်းဖက်ဥပဒေပုဒ်မ မဟုတ်တဲ့သူတွေ လွတ်နိုင်တယ်လို့ ပြောသံတွေကြားတယ်။ ကျန်းမာရေးချို့တဲ့နေသူတွေလည်း ပါတယ်။”

လှိုင်သာယာမြို့နယ်က ဆန္ဒပြပွဲတစ်ခုမှာ ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ် ၃ နှစ်ချထားရသူရဲ့ မိသားစုဝင်တွေကို  လာမယ့်အောက်တိုဘာလ လွတ်ငြိမ်းခွင့်မှာ ပါလာနိုင်တယ်လို့ ရှေနေကဖုန်းဆက်တယ်လို့  မိသားစုဝင်တစ်ဦးက ဒီဗွိဘီ ကိုပြောပါတယ်။

"အခုလာမယ့် သီတင်းကျွတ်လွတ်ငြိမ်းမှာ သားလေးပါတယ်လို့ ရှေနေကဖုန်းဆက်တော့ ပြောလိုက်တာ။ ဟုတ်မဟုတ်တော့ သူလည်းကြားတာကိုပြောတာပေါ့။ အဲ့သတင်းမှန်တယ်ဆိုရင် အကုန်လုံးကို လွတ်စေချင်တယ်"လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးက အခုရက်ပိုင်းအတွင်း အကျဥ်းထောင်တချို့ကို သွာရောက်စစ်ဆေးခဲ့ပြီးတဲ့နောက် လွတ်ငြိမ်းချမ်းသာခွင့်သတင်းတွေ ထွက်လာတယ်ဖြစ်တယ်လို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတစ်ဦးက အခုလိုရှင်းပြပါတယ်။

"အခုရက်ပိုင်း ပြည်ထဲရေးဝန်ကြီး အကျဥ်းထောင်တွေကိုလာစစ်တာရှိတယ်။ အဲဒီမှာ စည်းကမ်းနဲ့ ညီညွတ်အောင်နေတဲ့သူတွေ ပုဒ်မ ၅၀၅ လို အမှုတွေကို မှတ်ချက်ပေးတာရှိတယ်။ ပြီးခဲ့တဲ့ရက်က ထားဝယ်ထောင်မှာ လျှော့ရက်နဲ့လွတ်ငြိမ်းပေးတာရှိတယ်။ အသံတွေကတော့ကြားနေတာပဲ သီတင်းကျွတ်မှာ လွတ်ငြိမ်းရှိတယ်"လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်ကလည်း ထားဝယ်အကျဥ်းထောင်ကနေ နိုင်ငံရေးကျဥ်းသား ခုနှစ်ယောက်ကို ပြစ်ဒဏ်လျော့ချ လွတ်ရက်စေ့နဲ့ ပြန်လည်လွှတ်ပေးခဲ့တာလည်း ရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီက တစ်နှစ်ကျော်ကာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်  ၅၇,၀၀၀ ကျော်ပေးခဲ့ရာ နိုင်ငံရေးကြောင့် အကျဥ်းကျနေသူ ၁၅၀၀ ဝန်းကျင်ပါခဲ့ပြီး ကျန်သူတွေမှာ ခိုးဆိုးလုယက်နဲ့ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျနေသူများဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၂၅၀၀ ဦးရှိပြီး ဒီအထဲက ၁၄၉၁ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ ပြန်လည်လွတ်မြောက်လာသူဦးရေ ၃၁၂၁ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံက သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024