
စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ဘက်ရပ်ကွက်၊ မြို့ရှောင်လမ်းမှာ စက်တင်ဘာ ၂၅ ရက်က စစ်ကောင်စီတပ်တွေ မိုင်းခွဲတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ PDF(Kalay) တပ်ဖွဲ့ ပြောပါတယ်။
မနေ့ ညနေ ၄ နာရီဝန်းကျင်မှာ မြို့လှရပ်ကွက် မြို့ရှောင်လမ်းမကြီးအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာတဲ့ စစ်ကောင်စီစစ်ကား ၅ စီးကို မင်းသားကြီး ကာရာအိုကေဆိုင်အနီးမှာ PDF(Kalay) တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
PDF(Kalay) တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက "ကျနော်တို့က သတင်းရလို့ အသင့်တပ်ဆင်ပြီး မိုင်းဆွဲခဲ့တာ။ မိုင်းဆွဲပြီးရင်ပစ်ခတ်မှုတော့ ဖြစ်ခဲ့သေးတယ်။ သူတို့ဘက်ကတော့ ထိခိုက်ကျဆုံးမှုရှိတယ်။ ကျနော်တို့ဘက်တော့ ထိခိုက်ကျဆုံးမှုမရှိဘူး။"
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီကား တစီး မိုင်းထိမှန်ကာ ထိုးရပ်သွားခဲ့ပြီး မိနစ်အနည်းငယ်လောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲမှာ PDF(Kalay) တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဆုတ်ခွာခဲ့ကြောင်းနဲ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။