
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စက်တင်ဘာ ၂၅ ရက်က ရွာသာကြီးကျေးရွာအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ လှတောကျေးရွာဘက်ကနေ ရွာသာကြီးကျေးရွာဘက်ဆီကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာဖြစ်ပြီး ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က မနေ့ နေ့လယ် ၂ နာရီခွဲမှာ ဒရုန်းနဲ့ သုံးကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
Adventure လူငယ် ဒရုန်းတပ်ဖွဲ့က “ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်လာတာ။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက တည့်တည့်ဝင်တိုက်ဖို့က လက်နက်အင်အားမမျှဘူး။ဒါ့ကြောင့် ဝေဟင်ကနေ ဒရုန်းနဲ့ သုံးကြိမ်ဗုံးသီးချနှိမ်နင်းရတာ။ ရန်သူဘက်က အထိအခိုက် အသေအပျောက်ရှိနိုင်ပေမယ့် အတိအကျတော့ မသိရသေးဘူး။ လှတောဘက်မှာလည်း ဒီကောင်တွေ အင်အားဖြန့်ပြီး ခြေရှုပ်နေကြတယ်" လို့ ပြောပါတယ်။
အဆိုပါဒရုန်းတိုက်ခိုက်မှုကို Adventure လူငယ် ဒရုန်းတပ်ဖွဲ့အပါဝင် နယ်မြေခံ ပကဖတွေ၊ LPDF တွေ ပါဝင်ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီမနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဟာ ရွာသာကြီးကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာရာမှာ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ အယောက် ၃၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၅ လုံးထက်မနည်း မီးရှို့သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒေသခံ အယောက် ၂၀ ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့သိရပြီး ရိုက်နှိက်စစ်ဆေးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ကျေးရွာပြည်သူအများစုဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒေသခံတချို့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
နောက်ဆက်တွဲအခြေနေအရ ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်က တပ်ဖြန့်ကာ ကင်းပုန်းဝပ်နေပြီး ဂျက်တိုက်လေယာဉ်တစ်စင်း ဒီနေ့မနက်ပိုင်းက ဝက်လက်မြို့နယ်အတွင်း ပျံဝဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်က ဝက်လက်မြို့နယ်မှာ ရွှေဘိုဘက်ကနေ ထွက်ခွာလာတဲ့ စစ်ကား ၂ စင်းကို စိုင်နိုင်ကွေ့အနီး ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်လောက် သေဆုံးပြီး အများပြားဒဏ်ရာရရှိခဲ့ပါတယ်။