
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက် ယောမင်းကြီးလမ်းမှာ စက်တင်ဘာ ၂၅ ရက် မနေ့ညနေ ၆ နာရီလောက်က သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အမျိုးသားတယောက် သေဆုံး၊ တယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒလ-တွံတေးလမ်းမကြီးနဲ့ ယောမင်းကြီးလမ်းထောင့်မှာ စကားပြောနေတဲ့ အမျိုးသားနှစ်ယောက်ကို စက်ဘီးစီးလာသူနှစ်ယောက်က ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"အဖွဲ့လိုက် မိုက်ကြေးခွဲနေတဲ့သူတွေ၊ ရဲသတင်းပေးလို့လည်း နာမည်ထွက်နေတယ်။ အာ့ကြောင့်ပစ်သွားတာ။ တဦးက ပွဲချင်းပြီးပဲ၊ တဦးကတော့ ဒဏ်ရာပြင်းထန်တယ်။"
သေနတ်နဲ့ပစ်ခတ်မှုကြောင့် ကိုဝဏ္ဏထွန်းသေဆုံးပြီး ကိုအောင်အောင်ကတော့ ကျည်ထိမှန်ဒဏ်ရာ သုံးချက်ရရှိခဲ့တယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
"သေတဲ့သူကို ရင်ခွဲရုံ၊ ဒဏ်ရာရတဲ့သူကို ဆေးရုံပို့ထားတယ်၊ စစ်ဆေးတာတွေတော့ ရှိမှာပေါ့။ ကျနော်တောင် ပစ်ခတ်မှုအနားမှာရှိနေတဲ့ လူတယောက်က ပြောပြလို့ သိရတာ။"
ပစ်ခတ်မှုဖြစ်ရာနေရာကို စစ်ကောင်စီတပ်နဲ့ရဲတွေက ခေတ္တစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒလမြို့နယ်မှာ ပြီးခဲ့တဲ့လတွေကလည်း ရဲသတင်းပေး လူမိုက်တွေနဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေပစ်ခတ်ခံရလို့ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေလည်း ရှိပါတယ်။
ရန်ကုန်တိုင်း မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၂၅ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၃၆ ကြိမ်ဖြစ်ခဲ့ပြီး ၁၀ ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။