
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ရေး-ထားဝယ်ကားလမ်းမကြီးပေါ်မှာ စစ်ကာင်စီယာဉ်တန်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စက်တင်ဘာလ ၂၄ ရက် မနက် ၆ နာရီလောက်မှာ ကလိန်အောင်ဘက်ကို ထားဝယ်ကနေ တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ သက်ကယ်ကွက်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က ထိခိုက်အကျအဆုံးများနိုင်ပြီး၊ အနီးအနားဝန်းကျင်ရှိ ဥယျာဉ်ခြံတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ကလိန်အောင်မြို့ဘက်ကနေ အခင်းဖြစ်နေရာကို စစ်ကူလာတဲ့ စစ်ကားနှစ်စီး ကျောက်ရှပ်ရွာအနီးမှာ မနက် ၇ နာရီခွဲလောက်က ထပ်မံမိုင်းဆွဲခံခဲ့ရပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာနဲ့ စစ်ကောင်စီဘက်က သေဆုံး ထိခိုက်တဲ့ အရေအတွက်ကိုတော့ မသိရသေးပါဘူး။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေက ဖြတ်သန်းသွားသူတွေကို စစ်ဆေးနေပါတယ်။
စက်တင်ဘာလ ၂၂ ရက်ကလည်း ရေဖြူမြို့ကနေ ထားဝယ်မြို့ဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။