
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၂၄ ရက်က ဝင်ရောက်မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မနက် ၇ နာရီလောက်ကစပြီး ဆားလင်းကြီးမြို့ပေါ်ကနေလာတဲ့ စစ်တပ်ဟာ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းဘေးက ကျေးရွာတွေကို ဝင်ရောက်ပတ်မွှေခဲ့ပြီး ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့ကြပါတယ်။
ပြီးတော့ အနီးမှာရှိတဲ့ ထန်းပုကျေးရွာကို ရောက်လာပြီး ဘုန်းကြီးကျောင်းမှာ အလှူလုပ်မယ့် ထမင်းဟင်းတွေကိုလည်း အတင်းအဓမ္မလုယူစားသောက်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
အဲဒီကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ညနေပိုင်းမှာ သဲကောကြီးရွာကို ရောက်ရှိလာပြီး သဲကောကြီးရွာကိုလည်း မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကြောင်းကို ၂ ဖွဲ့ခွဲပြီး တဖွဲ့က အနားမှာရှိတဲ့ ဝဲကြီးကျေးရွာမှာ ညအိပ်နေပြီး နောက်တဖွဲ့ကတော့ ဘယ်ကိုသွားတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ လက်ပံတောင်းတောင်ဒေသက ကျေးရွာပေါင်း ၁၀ ကျော်ဟာစစ်ဘေးရှောင်နေရပါတယ်။