
မတူပီမြို့နယ်မှာ စက်တင်ဘာလ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်းနဲ့ CDF-မတူပီတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ CDF-မတူပီကက ပြောပါတယ်။
မတူပီ-ဟားခါးလမ်းဘက်ကို နယ်မြေချင်းလင်းဖို့ လာတဲ့ အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်း ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ပြောပါတယ်။
“နှစ်ဘက်အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားချိန်ကတော့ နာရီဝက်လောက်ရှိမယ်။ သူတို့ ဘက်က ပြန်ဆုတ်သွားသလို ရဲဘော်တွေလည်း အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့တယ်။”
နှစ်ဖက်တပ်တွေကတော့ ခဏပဲ ဆုတ်ခွာထားကြပြီး မတူပီ-ဟာခါးလမ်း စစ်မြေပြင်မှာဘဲ ရှိနေကြကာ အချိန်မရွေးတိုက်ပွဲတွေ ဖြစ်လာနိုင်လို့ မိဘ ပြည်သူတွေအနေနဲ့ မတူပီ-ဟားခါး လမ်းပိုင်းကို ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။
မတူပီမြို့နယ်မှာ စက်တင်ဘာ ၁၉ ရက်ညနေပိုင်းကလည်း စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတခုကို CDF-မတူပီက စီးနင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ၈ ယောက်က ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။