Home
မြန်မာသတင်း
ထီးလင်းမြို့နယ် ကန်သာရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ နေအိမ် ၁၁ လုံးဆုံးရှုံး
DVB
·
September 24, 2022
307334833_193599393126485_4560974113346640943_n

မကွေးတိုင်း ထီးလင်းမြို့နယ်၊ ကံသာကျေးရွာကို စက်တင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၁၁ လုံးမီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံသာကျေးရွာကို အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကြောင်းက စက်တင်ဘာ ၂၂ ရက်နေ့ စတင်ဝင်ရောက်ကာ နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စက်တင်ဘာ ၂၃ ရက် မနက်ပိုင်း နေအိမ် ၁၀ လုံးကို ထပ်မံမီးရှို့ သွားကြတာလို့ ကံသာကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

“စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတော့ တရွာလုံး ဘေးလွတ်ရာ တောတောင်ထဲတွေနဲ့ နီးစပ်ရာ ကျေးရွာတွေက ဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ တအိမ်ဆင်း တအိမ်တက် မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူသွားသလို အိမ်မွေး တိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်။ “စစ်ကြောင်း ပြန်ထွက်သွားတော့ ရွာက ပြည်သူတွေနဲ့ YDF-ထီးလင်းက ရဲဘော်တွေ ပူးပေါင်းပြီး ဝင်ရောက် မီးငြိမ်းသတ်ခဲ့လို့ နေလယ် ၁၂ နာရီလောက်မှာ မီးငြိမ်း သွားခဲ့တယ်။ တကယ်လို့သာ အချိန်မီ မီးမငြိမ်းသတ်နိုင်ရင်တော့ တရွာလုံးပြာကျမယ့် သဘောရှိတယ်။” 

အဲဒီစစ်ကြောင်းဟာ ကျိုင်း၊ ဒေါသာ၊ လုံးပေါင်ရွာတွေကို မွှေနှောက်ပြီး လက်ပံရွာမှာ ညအိပ် စခန်းချကာ အဲဒီကျေးရွာတွေက အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုလည်း သူတို့ စိတ်ကြိုက် ခိုးယူသွားကြတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၂၅ ရက်အထိ မကွေးတိုင်းအတွင်း အိမ်ခြေ ၅၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024