Home
မြန်မာသတင်း
အောင်လံမြို့နယ် NLD လူငယ်တာဝန်ခံ၏ ဖခင်ကို စစ်ကောင်စီက ဖမ်းဆီး
DVB
·
September 24, 2022
306834347_3164931103837153_3502774015943414653_n

မကွေးတိုင်း အောင်လံမြို့နယ် NLD လူငယ်တာဝန်ခံ ကိုသူရနိုင်ရဲ့ ဖခင် ဦးဝင်းနိုင်ကို စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

အောင်လံမြို့နယ်၊ ကန်ကြီးရပ်ကွက်မှာ ဦးဝင်းနိုင်ကို အကြမ်းဖက်စစ်တပ်က အရပ်ဝတ်တွေနဲ့ ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

မိသားစုနဲ့နီးစပ်သူတဦးက “အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ ဆိုင်ကို ရောက်လာပြီး အိမ်စီးကားနဲ့ လာဖမ်းသွားတာပါ။ ဘာမှလည်း မပြောသွားဘူး။ မေးစရာရှိလို့ လိုက်ခဲ့ဆိုပြီး ခေါ်သွားတာပဲ။”

အောင်လံမြို့နယ် NLD လူငယ်တာဝန်ခံ ကိုသူရနိုင်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်ပြီး ၂၀၂၁ နိုဝင်ဘာလကတည်းက အကြမ်းဖက်စစ်ကောင်စီက ၅၀၅(က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ဖြစ်ပါတယ်။

“ကိုသူရနိုင်ကတော့ ၅၀၅ ထုတ်ခံထားရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူပါ။ မိသားစုနဲ့လည်း အဆက်အသွယ် ပြတ်နေတာ ကြာပါပြီ။ ဦးဝင်းနိုင်က ကျန်းမာရေးလည်း သိပ်ကောင်းတာ မဟုတ်ဘူး။ ပုံမှန်ဆေးသောက်နေရတာ။ သူတို့က ဘယ်ခေါ်သွားမှန်းလည်း မသိတော့ လူမသိ သူမသိ နှိပ်စက် သတ်ဖြတ်ခံမှာကို မိသားစုက စိတ်ပူနေရတာပေါ့” လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ကိုသူရနိုင်ရဲ့ ဖခင်ဖြစ်သူ ဦးဝင်းနိုင်ဟာ နှလုံးနဲ့ သွေးတိုးရောဂါ အခံရှိတာကြောင့် ပုံမှန်ဆေးသောက်နေရသူ ဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024