
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း နံသာတောင်၊ ကွမ်းသီးပင်၊ မီးတိုက်ကျေးရွာတွေအနီး စက်တင်ဘာ ၂၃ ရက် ည ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ် ၄ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နံသာတောင်ကျေးရွာဒေသခံတစ်ဦးက "လေယာဥ် ၄ စီးနဲ့ ဗုံးကြဲနေတာ။ နံသာတောင်က လူတွေကတော့ မနက်မိုးလင်းတာနဲ့ ထွက်ပြေးကြဖို့ပြင်ထားကြပြီ။ နံသာတောင်ကျေးရွာနဲ့ ပရဟိတ္တကျောင်းကို နေရပ်စွန့်ခွါကြဖို့ စစ်တပ်က မနေ့ကတည်းက အကြောင်းကြားထားတာ။ ပရဟိတ္တကျောင်းကတော့ ကားမရလိုမသွားနိုင်သေးဘူး"လို့ ပြောပါတယ်။
စက်တင်ဘာ ၂၂ ရက်က စစ်ကောင်စီတပ်နဲ့ အေအေတို့ ကွမ်းသီးပင်ကျေးရွာဟောင်းအနီး တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားပြီးနောက် နံသာတောင်ကျေးရွာ နယ်ခြားစောင့်စခန်း အပါအဝင် နယ်စပ်ခြံစည်းရိုး တလျှောက် စခန်းငယ် ၃ ခုက တပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ စခန်းစွန့်ခွာသွားပြီးနောက် ဂျက်တိုက်လေယာဥ် ၄ စီးနဲ့ အဆိုပါနေရာကို တိုက်ခိုက်လာတာ ဖြစ်ပါတယ်။
ကြိမ်ချောင်းကျေးရွာသားတစ်ဦးက "ကြိမ်ချောင်း- ဂုပ္ပီမေယုတောင်ကျော်လမ်းက တောင်ကုန်းတွေကိုလည်း ဗုံးကြဲတာကြားလိုက်တယ်။ နားထောင်ကြည့်တော့ လေကြောင်းနဲ့ ဗုံးကြဲနေတာ လေယာဥ် ၄ စီး လို့ခန့်မှန်းရတယ်။"လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသားတွေ ထိခိုက် သေဆုံးတာ ရှိ မရှိ အခြေအနေကိုတော့ မသိရသေးပါဘူး။
စက်တင်ဘာ ၁၉ ရက်ကလည်း တောင်ပြိုဗျူဟာစခန်းကို စစ်အင်အား ဖြည့်တင်းလာတဲ့ ရေယာဥ် ၂ စီးကို နံသာတောင်ကျေးရွာအုပ်စု ကွမ်းသီးပင်ကျေးရွာ ချောင်းဝမှာ အေအေတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် အဆိုပါဒေသကို လေကြောင်းမှ နယ်မြေရှင်းလင်းဖို့ စစ်ကောင်စီမှ အမိန့်ပေးထားတာလို့ သိရပါတယ်။
စက်တင်ဘာ ၁၀ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်း- ဂုပ္ပီ မေယုတောင်ကျော်လမ်းရှိ တပ်စခန်းတစ်ခုဖြစ်တဲ့ ခမရ (၃၅၂) တပ်ရင်း စခန်းကုန်းတစ်ခုကိုလည်း အေအေဘက်က သိမ်းပိုက်ရရှိခဲ့တာကြောင့် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။