
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပိတောက်ကုန်းရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နဲ့ ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ခလရ ၄၀၇ တပ်ရင်းကို သွားရောက် တိုက်ခိုက်ခဲ့ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင်) People's Defence Force (T-1) က စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၉ ရက် ည ၇ နာရီက အဲဒီနေရာတွေကို ပြည်သူ့ကာကွယ်ရေတပ်မတော် (ထားဝယ်ခရိုင်) နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ PDF ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးခဲ့တဲ့ PDF T-1 မှ ရဲဘော်နိုင်တီနိုင်းနဲ့ မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်ဝတုတ်တို့ ကျည်ထိမှန်ခဲ့ပြီး နိုင်ငံတော်အတွက် အသက်ပေးလှူကာ မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့လို့ စစ်တပ်စစ်ဆေးရေးဂိတ် မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးပါဘူး။
တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် စက်တင်ဘာ ၂၀ ရက်မှာ စစ်ကောင်စီက ကလုံးထာရွာကို ဝင်ရောက်ပြီး ရွာသားတချို့ကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းမကြီးပေါ်ရှိ ညင်းထွေးရွာနဲ့ ကျောက်ကညာရွာအကြားမှာလည်း စက်တင်ဘာ ၂၂ ရက် နေ့လယ် ၁ နာရီလောက် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဖြူမြို့ကနေ ထားဝယ်မြို့ဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရမ်းသန်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ အတည်မပြုနိုင်သေးပေမဲ့ ဒေသခံတွေ ပြောဆိုချက်အရ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိနိုင်တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ခဏအကြာမှာ စစ်ကောင်စီဘက်က အခင်းဖြစ်နေရာကို စစ်ကူတွေ ထပ်ရောက်လာပြီး ကယ်ဆယ်ရေးလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေး-ထားဝယ်ကားလမ်းမကြီးပေါ်မှာ စစ်ကောင်စီယာဉ်တန်း မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်ကလည်း မောင်မယ်ရှောင်ရွာနဲ့ ဇဟာရွာကြားမှာ စစ်ကောင်စီကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။