
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မင်းပြားမြို့နယ် အိုးပုံတောင်ရွာက အသက် ၃၀ ကျော်အရွယ် ကိုထွန်းလှသိန်းဟာ စက်တင်ဘာ ၂၂ ရက် ညနေ ၅ နာရီလောက်မှာ ကျွဲသွားရှာတဲ့အချိန် စစ်ကောင်စီရဲ့ တိုင်းဗဟို ၉ တပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တာလို့ အိုးပုံတောင်ရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ရွာနားမှာ အိုးပုံတောင်နဲ့ ဓာတ်တောင်ဆိုပြီးတော့ ရှိတယ်ဗျ။ ညနေ ၅ နာရီခွဲ လောက်မှာ အိုးပုံတောင်နားက အရင်ရွာဟောင်းနေရာမှာ ဘုန်းကြီးကျောင်းဆောက်ခဲ့တဲ့ ကျောင်းတောင်ဘက်က မိုင်းပေါက်ကွဲသံကြားလို့ ရွာသားတွေက လိုက်လံရှာဖွေတော့ ကိုထွန်းလှသိန်းရဲ့ အလောင်းကို တွေ့ရှိခဲ့ကြတာ။”
ကိုထွန်းလှသိန်းမှာ ဇနီးနဲ့ သားတယောက်၊ သမီးတယောက် ကျန်ရစ်ခဲ့ပြီး အလောင်းကိုတော့ ရွာကိုသယ်ယူခဲ့ပြီး ဆေးရုံပို့မပို့တော့ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲကာလ အတွင်းမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲပြီး ဒေသခံပြည်သူ ၇၁ ယောက် သေဆုံးကာ ၁၄၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ULA/AA ရဲ့ စက်တင်ဘာ ၁၉ ရက်ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။
စစ်ကောင်စီတပ်ကထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကို နင်းမိလို့ မေလအတွင်းမှာ မိုင်းပေါက်ကွဲမှု ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ၆ ယောက်သေဆုံးကာ ၁၄ ယောက် ဒဏ်ရာရရှိပြီး ပြည်သူတွေအနေနဲ့ မိုင်းပေါက်ကွဲမှုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးမှုနဲ့ အသက်မဆုံးရှုံးရအောင် စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့နေရာတွေ၊ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ အရင်က စစ်ကောင်စီတပ် စခန်းချခဲ့တဲ့ နေရာတွေကို လုံးဝ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ဖို့ သတိပေးထားပါတယ်။