
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မိုးစစ်ကျေးရွာမှာ စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်လို့ နွားကျောင်းနေတဲ့ ကလေးငယ်တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေကူမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မိုးစစ်ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နွားကျောင်းနေတဲ့ အသက် ၁၂ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတေယာက်က “ရွှေကူမြို့ပေါ်မှာရှိတဲ့တပ်က လက်နက်ကြီးနဲ့ မိုးစစ်ကျေးရွာနဲ့ ရေလဲကျေးရွာဘက်ကို လှမ်းပစ်တာ။ နွားကျောင်းပြီး ပြန်လာတဲ့ ဇွဲနိုင်ဝင်း လက်နက်ကြီးသံကြားလို့ ပုန်းနေတာ သူ့နားကို လက်နက်ကြီးကျည်ကျပြီး အဲ့နားမှာပဲ သေသွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တဲ့ မောင်ဇွဲနိုင်ဝင်းဟာ ဒုတိယတန်းကျောင်းသားတယောက်ဖြစ်ပြီး တခြားပြည်သူတွေလည်း ဒဏ်ရာရရှိကာ အသက် ၄၀ အရွယ် အမျိုးသမီးတယောက်လည်း ကျည်ထိမှန်ပြီး ခြေထောက်ပြတ်သွားပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတဲ့အတွက် မိုးစစ်ကျေးရွာနဲ့ ရေလဲကျေးရွာက ပြည်သူတွေဟာ ဘေးလွတ်ရာ ရှောင်တိမ်းနေထိုင်ကြရပါတယ်။