Home
မြန်မာသတင်း
ရခိုင်စစ်ရှောင်ပြည်သူများနှင့်တသားတည်းရှိကြောင်း NUG သမ္မတရုံးတာဝန်ရှိသူ ပြော
DVB
·
September 23, 2022

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် စစ်ဘေးသင့်နေတဲ့ပြည်သူတွေနဲ့ တသားတည်းရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးတာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။ 

ဇူလိုင်လအတွင်းကစပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ  ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။ 

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော် စတဲ့မြို့နယ်တွေအပြင် ရခိုင်ပြည်နယ်တောင်ပိုင်းနေရာတချို့မှာပါ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ 

AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အဆုံးသတ်တိုက်ပွဲကို ရောက်ရှိနေပြီလို့ စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ 

စစ်ကောင်စီက အင်အားသောင်းချီတဲ့ တပ်တွေကို ရခိုင်ပြည်နယ်စေလွှတ်နေပြီး အင်အားသုံးနယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ ရခိုင်နိုင်ငံရေးသမားတွေ၊ ပြည်သူတွေနဲ့ သတင်းစာသမားတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က "ရခိုင်လူထုတရပ်လုံးနဲ့ NUG အစိုးရက တသားတည်းရှိတယ်ဆိုတာ ပြောချင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင် အားစုတော်တော်များများကလည်း ကျနော်တို့နဲ့ လက်တွဲပြီးတော့ တော်လှန်ရေး တိုက်ပွဲဝင်နေကြတာရှိတယ်။ ရခိုင့်တပ်တော် ULA/AA နဲ့လည်း ကျနော်တို့ ပူးတွဲဆောင်ရွက်ဖို့အတွက် ဆွေးနွေးကြတာတွေရှိတယ်။ ကျနော်တို့ NUG အစိုးရက ရခိုင့်တပ်တော် (AA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအကုန်လုံးနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးဖို့အတွက် ဆောင်ရွက်မယ်ဆိုတာ ပြောကြားချင်ပါတယ်။" 

စစ်ကိုင်းတိုင်း တပ်မဟာ ၃၃၊ မုံရွာ နမခ တို့ကနေ အင်အားအပြည့်စစ်ကားတွေဟာ စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ မန္တလေးတိုင်းကနေတဆင့် ရခိုင်ပြည်နယ်ဘက်ကို အလျင်အမြန်ရွှေ့ ပြောင်းခဲ့ပါတယ်။ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံရွာအနီး စစ်ကောင်စီ ခမရ ၃၅၂ စခန်းကုန်းကို ရခိုင့်တပ်တော် (AA) သိမ်းပိုက်ခဲ့ကြောင်း၊ ဩဂုတ် ၃၁ ရက်နေ့တုန်းကလည်း ရခိုင်ပြည်နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် မိုင်တိုင်အမှတ် ၄၀ မှာတည်ရှိတဲ့ စစ်ကောင်စီနယ်ခြားစောင့်ရဲစခန်းကို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၉ ယောက်သေဆုံးခဲ့တယ်လို့ AA ဘက်ကထုတ်ပြန်ခဲ့ပါတယ်။ 

ဆက်တိုက် စစ်ရေးတင်းမာနေတာကြောင့် အင်အားမလုံလောက်တော့တဲ့ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းက အင်အားတွေကို မန္တလေးကနေတဆင့် ရခိုင်ပြည်နယ်ဘက်ကို အလျင်အမြန်ရွှေ့ ပြောင်းနေတာလို့ စစ်ကိုင်း၊ မန္တလေးဒေသခံ Zero ပြောက်ကျားတပ်ဖွဲ့ကပြောပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်ဇီးရိုးက "ရခိုင်ဘက်က တိုင်းရင်းသားအဖွဲ့အစည်းတခုအနေနဲ့ တော်လှန်ရေးမှာ ပါဝင်အားဖြည့်လာတာကို ကျနော်တို့ ကြိုဆိုပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ ကျနော်တို့ တော်လှန်ရေးမြေပြင်အင်အားစုတွေအနေနဲ့ အများကြီး အားဖြစ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ပါဝင်လာတယ်။ စစ်တိုက်ဖို့မြေပြင်ဟာ သူတို့ဘက်က အားသာမှုရှိတယ်။ ပြီးတော့ သူတို့တိုက်ရည်ခိုက်ရည်ကလည်း စစ်ကောင်စီကို တော်တော်လေး အိပ်မက်ဆိုးတွေပေးနိုင်တဲ့ တိုက်ခိုက်မှုတွေရှိတယ်လို့ ကျနော်တို့ သုံးသပ်ရတယ်ဗျ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူတွေကိုပါ အသုံးပြုကာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရှိသူက စက်တင်ဘာ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ 

စစ်ကောင်စီက စည်းကမ်းမဲ့ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆန်တွေ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို ကျရောက်တာတွေရှိခဲ့တဲ့အတွက် ဘင်္ဂလာဒေ့ရှ်စစ်တပ်က မြန်မာစစ်တပ်ဘက်ကို ပြင်းထန်တဲ့ သတင်းစကားပေးပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းစာ Dhaka Tribune က စက်တင်ဘာ ၂၂ ရက်နေ့မှာ သတင်းဖော်ပြခဲ့ပါတယ်။ 

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာစစ်တပ်ကို လူသတ်လက်နက်တွေ ထပ်မရောင်းဖို့ ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုထားပါတယ်။

"မြန်မာနိုင်ငံကို လက်နက်ရောင်းနေတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာနိုင်ငံကို လက်နက်မရောင်းဖို့လိုတယ်။ ဘေးက အိမ်နီးချင်းနိုင်ငံတွေကလည်း မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုကျူးလွန်တာတွေကို ဝိုင်းဝန်းပြီး ထိန်းကျောင်းကြဖို့ လိုပါတယ်။ သူတို့အကျိုးစီးပွားတခုတည်းပဲကြည့်ပြီး ဒီဘက်မှာ သေကြပါစေပုံစံမျိုးဆိုရင်တော့ ဒေသတွင်းနိုင်ငံတွေအထိ စစ်ရေးက ကျယ်ပြန့်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ အခုတောင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအထိ လက်နက်ကြီး ကျည်ကျတာမျိုးရှိနေပါတယ်။ မြန်မာစစ်တပ်က လက်နက်ကြီးတွေကို စည်းမဲ့ကမ်းမဲ့ ပြည်သူလူထုကို ဦးတည်ပြီး ပစ်ခတ်နေတာတွေကို နိုင်ငံတကာမိသားစု နိုင်ငံတကာအသိုင်းအဝိုင်း အိမ်နီးချင်းနိုင်ငံတွေက ဝိုင်းဝန်းပြီးထိန်းကျောင်းပေးကြဖို့လိုတယ်။ ဝိုင်းဝန်းပြောဆိုပေးကြ ဖို့လိုတယ်လို့ ကျနော့်အနေနဲ့ပြောပြလိုပါတယ်။"

ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မိုင်တိုင် ၄၀ စခန်း၊ ခမရ ၃၅၂ စခန်းနဲ့ မီးတိုက်စခန်းတွေကို ရက္ခိုင့်တပ်တော် (AA) က စက်တင်ဘာ တတိယအပတ်ထဲမှာ သိမ်းယူထားပါတယ်။ 

စစ်ကောင်စီက သူတို့စခန်းတွေကို ပြန်ယူဖို့ သာလွန်အင်အားကိုအသုံးပြုနေပြီး ရခိုင်ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း AA အား ကူညီထောက်ပံ့တာမျိုးမပြုလုပ်ကြဖို့ ခြိမ်းခြောက်ပြောဆိုထားပါတယ်။ 

တပ်သားအင်အားမလုံလောက်တော့တဲ့ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက အင်အားတချို့ကို ရခိုင်ပြည်နယ်ဘက် လွှဲပြောင်းခဲ့ရတာကြောင့် စစ်ကိုင်းတိုင်းထဲမှာ အင်အားလျော့နည်းသွားတယ်လို့ စစ်ကိုင်းဒေသခံ Guerilla Ranger - ပုလဲ အဖွဲ့ ခေါင်းဆောင် ကိုနေမင်းက ပြောပါတယ်။

"စစ်ကောင်စီက AA ဘက်ကို အင်အားတွေအလုံးအရင်း ပို့နေတာတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ စစ်ကိုင်းတိုင်းထဲမှာတော့ အထိုင်တပ်တွေ အများစုကျန်ခဲ့တာတော့ရှိပါတယ်။ လုံးလုံးဆုတ်သွားတာမျိုးတော့ မတွေ့ရဘူး။ စစ်ကြောင်းတွေကတော့ အရင်လို အများအပြား ထိုးတာကတော့ လျော့ကျသွားတယ်။ သို့သော် တချို့မြို့နယ်တွေမှာ အင်အား ၁၀၀ ကျော်ဝန်းကျင်နဲ့ စစ်ကြောင်းဆက်ထိုးနေတာတွေရှိပါတယ်။ ဒီလိုထိုးတဲ့နေရာမှာ စစ်ကောင်စီတပ်သားတွေချည်းတော့မဟုတ်ဘူးဗျ။ ရဲတပ်သားတွေပါသလို ပျူစောထီးတွေ ညှပ်ပြီးတော့ သူတို့စစ်ကြောင်းထိုးနေတာတွေ့ရပါတယ်။"

ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ရခိုင်ပြည်နယ်အတွင်း AA က စစ်ရေးအသာစီးရယူထားပြီး စစ်ကောင်စီရဲ့ရိက္ခာနဲ့ စစ်ကူလမ်းကြောင်းတွေကို ဖြတ်တောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ 

ရေရှည်စစ်ရေးမှာလည်း ရိက္ခာနဲ့ထောက်ပို့လမ်းကြောင်းတွေကို ထိန်းနိုင်တဲ့ဘက်က အသာစီးရသွားလိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းစအချိန်တုန်းက ရက္ခိုင့်တပ်တော် (AA) ဟာ အာဏာသိမ်းမှုအပေါ် မှတ်ချက်တစုံတရာမပေးခဲ့ဘဲ အဖွဲ့အစည်းပိုပြီးခိုင်မာအားကောင်းလာအောင် တည်ဆောက်ခဲ့ပါတယ်။ အာဏာသိမ်းပြီး ၁၈ လကျော်အကြာမှာတော့ AA ဟာ တော်လှန်ရေးတိုက်ပွဲတွေအတွင်းမှာ ပေါ်ပေါ်တင်တင်ပါဝင်လာတာဖြစ်ပါတယ်။ 

AA ရဲ့ အမြင့်မားဆုံးမျှော်မှန်းချက်ကတော့ အာရက္ခပြည်(ရခိုင်နိုင်ငံတော်) ထူထောင်နိုင်ရေး ဖြစ်တယ်လို့ AA ရဲ့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024