
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၅ ဦး ဖမ်းဆီးရမိတယ်လို့ ဒေသခံအာဏာပိုင်တဦးက သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။
မဲဆောက်မြို့နယ် အုပ်ချုပ်ရေးရုံးရဲ့ တာဝန်ပေးချက်အရ လက်ထောက်မြို့နယ်မှူး၊ ထာ့ဆိုင်လွတ် နယ်မြေမှူး၊ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၂၂ ရက် မနက် ၈ နာရီက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၅ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
သူတို့တွေကို မယ်တော်ကလင်းနစ် ဆေးရုံအနီး ကြံတောထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လိုအပ်သလို ဆက်လက်အရေးယူဖို့ မြို့နယ်အုပ်ချုပ်ရေးရုံး စုံစမ်းစစ်ဆေးရေးဌာနကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။