Home
မြန်မာသတင်း
သေ့ဘော့ဘိုးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ
DVB
·
September 22, 2022

မြဝတီ-ဝေါ်လေ လမ်းပိုင်း တောင်ဘက်အခြမ်း၊ သေ့ဘော့ဘိုးကျေးရွာအနီး ဒီနေ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

သေ့ဘော့ဘိုးကျေးရွာ အနီးကို ကျူးကျော်ဖို့ ကြိုးစားလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံ နဗဟ (၃) ကွပ်ကဲမှုရဲ့ ခမရ(၁၀၄) နဲ့ KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနဲ့ တပ်မဟာစစ်ကြောင်းရဲ့ တပ်ခွဲ (၂)၊ Dawn Company  (ရောင်နီတပ်ခွဲ) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့  စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ကော်ဘရာပူးပေါင်းတပ်ဖွဲ့ လက်ဖြောင့်စနိုက်ပါစစ်သည်တွေရဲ့ လက်ချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့သလို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာတော့ ၅ ယောက်သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ  စစ်ကောင်စီအခြေချ ကြိတ်တပ်စခန်းကို KNLA တပ်မဟာ ၆ တပ်ရင်း ၁၈ နဲ့ ပူးပေါင်းတပ်တွေက  စခန်းသိမ်းနိုင်ခဲ့ပါတယ်။

ကြိတ်စခန်းဟာ စစ်ကောင်စီတပ်တွေ ကာလရှည်ကြာ စခန်းချထားတဲ့နေရာဖြစ်ပြီး အဆိုပါ စခန်းမှာ စစ်ကောင်စီတပ်သား အယောက် ၄၀ လောက် အခြေချနေထိုင်ကာ စခန်းတွင်းကနေ လက်နက်တွေလည်း အမြောက်အမြား သိမ်းဆည်းရမိခဲ့ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့ နေရာဟာ တိုင်းပြည်နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024