
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကွမ်းသီးပင်ကျေးရွာနဲ့ မီးတိုက်ကျေးရွာကြား မဲ့ဒီတောင်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၁၂ နာရီခွဲကစပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နံ့သာတောင်ကျေးရွာသားတယောက်က “ကွမ်းသီးပင်ကျေးရွာနဲ့ နံ့သာတောင်ကျေးရွာကြားမှာ ဖြစ်နေကြတာ။ တော်တော်လေးပြင်းထန်ပါတယ်။ တောင်ပြိုဗျူဟာက လက်နက်ကြီး အဆက်မပြတ်ပစ်နေတယ်။ နံ့သာတောင် ရွာသူရွာသားတွေကတော့ စိုးရိမ်နေကြတယ်။ စစ်ဘေးမရှောင်သေးတာ ကျနော်တို့ နံ့သာတောင်တရွာသာ ကျန်တော့တာပါ။ တိုက်ပွဲပိုပြီးပြင်းလာရင်တော့ ထွက်ပြေးကြရတော့မှာပါ” လို့ ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက်က ကွမ်းသီးပင်ချောင်းဝမှာ တောင်ပြိုဗျူဟာစခန်းကို စစ်အင်အား ဖြည့်တင်းလာတဲ့ စစ်ကောင်စီရေယာဥ် နှစ်စီးကို အေအေဘက်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာကြောင့် ကွမ်းသီးပင်ကျေးရွာတဝိုက်ကို စစ်ကောင်စီက ထိုးစစ်ဆင်လာတာပါ။
တပြိုင်နက်တည်းမှာပဲ မီးတိုက်ကျေးရွာနဲ့ တရိမ်းကျေးရွာကြားရှိ မဲဒီတောင်မှာ စစ်ကြောင်းထိုးလာတဲ့ တပ်မ ၇၇ ကို အေအေဘက်က ကြားဖြတ်တိုက်ခိုက်နေတယ်လို့ သတင်းအရင်းအမြစ်က ဆိုပါတယ်။
“မောင်တောမြောက်ပိုင်းကို စစ်ကူရောက်လာတဲ့ တပ်မ ၇၇ က စစ်ကြောင်း ၄ ခုဖွင့်ပြီး မောင်တောမြို့နယ်မြောက်ပိုင်းမှာရှိတဲ့ ကျေးရွာတွေကို မွှေနှောက်စစ်ဆေးနေတာ။ မနေ့ကဆို ကပ္ပကောင်းရွာကို အလုံးအရင်းဝင်စစ်တာ၊ ဒီနေ့မှ မီးတိုက်ကျေးရွာဘက်ကို တက်လာတာကို ကြားကဖြတ်ပြီး အတိုက်ခံရတာ။”
မောင်တောဒေသကို စက်တာဘာ ၁၄ ရက်နေ့က ရေကြောင်းနဲ့ စစ်ကူရောက်လာတဲ့ အင်အား ၆၀၀ ရှိ တပ်မ ၇၇ က စစ်ကြောင်း ၄ ကြောင်း ဖြန့်ကြက်ပြီး မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးတာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
စက်တင်ဘာ ၁၇ ရက်ကလည်း အဲဒီတပ်မ ၇၇ စစ်ကြောင်း မောင်နှမကျေးရွာမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး အေအေ အထိုင်ချထားတဲ့ ဖားဝပ်ချောင်းကျေးရွာဘက်ကို မသွားဝံ့တော့ဘဲ ဒကြီးစား၊ မျောတောင် ကျေးရွာဘက်က လှည့်ပတ်ပြီး ကပ္ပကောင်း၊ ခြံပြင်၊ ရေမျက်တောင်၊ စပ္ပယ်ပင်ရင်း စတဲ့ ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်ဆေးနေကြောင်း ကျေးရွာဒေသခံတွေဆီက သိရပါတယ်။