
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းက စိုင်ဒူးကျေးရွာကို ခလရ ၅၀ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၂၀ ရက် ညက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စိုင်ဒူးကျေးရွာက ဒေသခံ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၂ လုံး ပျက်စီးသွားတယ်လို့ စိုင်ဒူးရွာ ဒေသခံ ဦးဇော်ဇော်က ဒီဗွီဘီကို ပြောပါတယ်။
“လက်နက်ကြီးနဲ့ အကြောင်းမဲ့ပစ်တာဗျ။ ကျနော်တို့ ပြည်သူတွေကို ရန်သူသဖွယ်ကို ပြုမူဆက်ဆံနေတော့တာဗျ။ ရွာက အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်။ နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးသွားတယ်။”
လက်ရှိမှာ ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံတွေဟာ ဆေးဝါးကုသမှု ခံယူနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့ပေါ် ခလရ ၅၀ တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စိုင်ဒူးကျေးရွာကို လက်နက်ကြီးတွေနဲ့ မကြာခဏ ရမ်းသန်းပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။