
သူဌေးသူကြွယ် စီးပွားရေးလုပ်ငန်းရှင်တွေ “ဘယ်သူသေသေ ငတေမာ” စိတ်ဓာတ်နဲ့ မထားဘဲ တော်လှန်ရေးမှာ ပါဝင်လာဖို့ မြန်မာ့တော်ဝင် နဂါးတပ်တော်ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက တိုက်တွန်းလိုက်ပါတယ်။
ဒီလိုပါဝင်လာမယ်ဆိုရင် ပြည်သူတွေက ကျေးဇူးတင်မှာဖြစ်ပြီး ဒီလိုမဟုတ်ဘဲ တော်လှန်ရေး အောင်မြင်ခါနီးမှ ပါဝင်လာမယ်ဆိုရင်တော့ မျက်နှာငယ်ရလိမ့်မယ်လို့လည်း ဗိုလ်နဂါးက သတိပေးလိုက်ပါတယ်။
တော်လှန်ရေးအောင်မြင်ဖို့ဟာ အောက်ခြေလူတန်းစားတွေအတွက်ပဲ အရေးကြီးတာ မဟုတ်ဘဲ စီးပွားရေးသမားတွေအတွက်လည်း အကျိုးအမြတ်တွေ လမ်းဖွင့်ပေးနိုင်တယ်လို့ ဗိုလ်နဂါးက ဒီဗွီဘီနဲ့ သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။
“သူဌေးသူကြွယ်တွေ၊ လုပ်ငန်းရှင်တွေ အများကြီးရှိတယ်။ မကူညီကြဘူး။ အဲ့ဒီလူတွေက အရိုင်းစိုင်းဆုံးစကားနဲ့ ပြောရရင် ဘယ်သူသေသေ ငတေမာဆိုတဲ့ တကယ်တမ်း လူယုတ်မာတွေပဲ၊ လူပေါ်ကြော့တွေ၊ လူ့အဖျင်းစားတွေပဲ။ တကယ်တမ်းသာ သူတို့ ဒီတော်လှန်ရေးမှာ ပါဝင်လာရင် ကျနော်တို့ပြည်သူတွေက အမှတ်ရနေလောက်အောင် ကျေးဇူးတင်စရာ ကောင်းလောက်အောင်ကို အားကောင်းမှာ။ ဒါပေမဲ့ သူတို့ ပြုပြင်ချင်စိတ်ရှိပါစေ။ အဲ့လိုမဟုတ်ရင်တော့ နိုင်မြင်းကျမှ ရွေးလောင်းမယ်ဆိုရင်တော့ ကျနော်တို့ အောင်ပွဲရခါနီးမှ ဝင်လာရင် သူတို့ မျက်နှာငယ်ရပါလိမ့်မယ်ဆိုတာ သေချာတယ်။”
အခုအတိုင်း သွားနေမယ်ဆိုရင်တော့ ဘယ်လောက် ချမ်းသာပြည့်စုံတဲ့ ဘယ်လိုလုပ်ငန်းရှင်မျိုးမဆို စစ်တပ်ရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေအောက်မှာ လုပ်ရကိုင်ရတာ ဖရိုဖရဲနဲ့ အားလုံးအတွက် အခက်အခဲကြုံနေမှာ ဖြစ်တယ်လို့လည်း ဗိုလ်နဂါးက ပြောပါတယ်။
“ဒီညံ့ဖျင်းတဲ့ အစိုးရတရပ်ကို ဖယ်ထုတ်ဖို့ ကြိုးစားနေတဲ့နေရာမှာ နိုင်ငံရဲ့ စီးပွားရေးအင်အားကို အဓိကချုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေက ဘာလို့ တော်လှန်ရေးကို အားမဖြည့်နိုင်ရမှာလဲ။ ဒီလက်အောက်က လွတ်မြောက်ဖို့ ကျနော်တို့ အောက်ခြေလူတန်းစားတွေပဲ လိုနေတာမဟုတ်ဘူး။ သူတို့လို လုပ်ငန်းရှင်တွေ ပိုပြီးတော့တောင် ဒီတော်လှန်ရေးပြီးရင် အကျိုးအမြတ်တွေ ရှာဖွေဖန်တီးနိုင်လိမ့်မယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပူးပေါင်းစီးပွားရှာလို့ ပိုတောင် အကျိုးအမြတ် ရှိကြလိမ့်မယ်။”
ဗိုလ်နဂါးဟာ မြန်မာ့တော်ဝင်နဂါးတပ်တော်-MRDA ကို ထူထောင်ခဲ့တဲ့ ခေါင်းဆောင်တဦးဖြစ်ပြီး သူ့ရဲ့တပ်တွေဟာ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကို အခြေပြုကာ ထိစပ်နေတဲ့ ကနီမြို့နယ်၊ ဘုတလင်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တွေအထိ ဖြန့်ကြက်ပြီး စစ်အာဏာရှင်ကို လက်နက်ကိုင် ခုခံတော်လှန် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။