Home
မြန်မာသတင်း
မြန်မာစစ်တပ် ကျူးလွန်သည့် ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးနေသည့် (IIMM) အတွက် အမေရိကန်က ဒေါ်လာ ၁ သန်း ကူညီပေးအပ်
DVB
·
September 22, 2022

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ထံသို့  အမေရိကန်ဒေါ်လာ ၁ သန်း ထပ်မံပံ့ပိုးကူညီပေးလိုက်ကြောင်း  ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

IIMM ရဲ့ အားထုတ်ကြိုးပမ်းမှုအပေါ်ပံ့ပိုးကူညီတဲ့အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ  နိုင်ငံတကာမူးယစ်ဆေးဝါး နှိမ်နှင်းရေးနဲ့ ဥပဒေစိုးမိုးရေးဗျူရိုမှတဆင့် အခုလို အကူအညီအသစ်တွေ ထပ်မံပေးအပ်လိုက်တာလို့ စက်တင်ဘာ ၂၀ ရက်နေ့စွဲနဲ့ အသိပေးကြေညာထားပါတယ်။

မြန်မာစစ်တပ်နှိပ်စက်တာကိုခံစားနေကြရတဲ့  ထိခိုက်နစ်နာသူတွေနဲ့ သက်သေထွက်ဆိုသူတွေကို ပံ့ပိုးနိုင်ဖို့ ထောက်ပံ့ကူညီပေးတာဖြစ်ကြောင်း  နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အမေရိကန်အထူးသံအမတ်ကြီး ဘတ်သ်ဗန်စကာ့ခ်က ကုလသမဂ္ဂအထွေထွေညီလာခံ မစတင်မီကျင်းပတဲ့အခမ်းအနားတခုမှာ  အသိပေးကြေညာခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရာဇဝတ်မှုတွေကြောင့် ထိခိုက်နစ်နာသူတွေနဲ့ သက်သေတွေကို အကာအကွယ်ပေးဖို့ အပူတပြင်း လိုအပ်နေကြောင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို တွေ့ကြုံခံစားခဲ့ကြရသူတွေနဲ့ သက်သေတွေက ထုတ်ဖော်ပြောဆိုတဲ့ ယုံကြည်လက်ခံနိုင်တဲ့ သတင်းအချက်အလက်တွေဟာ စစ်အာဏာရှင်အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုတခု ဖြစ်စေတယ်လို့ ဆိုပါတယ်။

အခုပံ့ပိုးကူညီမှုဟာ ၂၀၁၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုတွေရဲ့ သက်သေအထောက်အထားတွေကို စုံစမ်းစစ်ဆေးဖို့၊ စုဆောင်းဖို့၊ ထိန်းသိမ်းဖို့နဲ့ စီစစ်သုံးသပ်ဖို့ ဆောင်ရွက်ရာမှာ ယန္တရားရဲ့ လုပ်ပိုင်ခွင့်အာဏာအရ အကျုံးဝင်တဲ့ ရာဇဝတ်မှုတွေနဲ့ စပ်လျဉ်းပြီး အရေးပါတဲ့ ယုံကြည်လက်ခံနိုင်တဲ့ အချက်အလက်တွေ ရယူနိုင်တဲ့ အခွင့်အလမ်းပိုမိုကောင်းမွန်စေသကဲ့သို့ ထိခိုက်နစ်နာသူတွေနဲ့ သက်သေတွေအပေါ် အကာအကွယ်ပေးနိုင်ဖို့ IIMM ရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ပိုမိုအထောက်အကူပြုပါလိမ့်မယ်လို့ အမေရိကန်က မျှော်လင့်ထားပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းက ထိခိုက်နစ်နာခဲ့သူတွေအတွက် တရားမျှတမှုရှိစေရေးနဲ့ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက သံန္နိဋ္ဌာန် အခိုင်အမာချမှတ်ထားတည်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေး မှတ်တမ်းယူထားဖို့အတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ကနေ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (IIMM) ကို ၂၀၁၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။

ဒီအဖွဲ့ဟာ ၂၀၁၁ ခုနှစ်က စပြီး ရခိုင်၊ ကချင်၊ ရှမ်းအပါအဝင် မြန်မာနိုင်ငံအနှံ့က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စုံစမ်းစစ်ဆေးပြီး အမှုတွဲတွေ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းလိုက်အပြီး စစ်ကောင်စီရဲ့ အကြမ်းဖက် သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်မှုတွေဟာ နိုင်ငံတကာ ဥပဒေအရ လူသားမျိုးနွယ်တွေအပေါ် ဆန့်ကျင်တဲ့ရာဇဝတ်မှု မြောက်တယ်လို့  ဒီအဖွဲ့ရဲ့ အကြီးအကဲ  မစ္စတာ နီကိုးလပ်စ်ကွန်ဂျန်းက  ဒီဗွီဘီနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ အထောက်အထားတွေ ပေးပို့ကြဖို့  IIMM က ဖိတ်ခေါ်ထားပြီး လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေဟာ ကာလကန့်သတ်ချက် မရှိကြောင်းနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကျူးလွန်သူ အသက်ရှင်နေသရွေ့  တရားစွဲလို့ရတယ်လို့လည်း  IIMM အဖွဲ့ အကြီးအကဲ နီကိုးလပ်စ်ကွန်ဂျန်းက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့တဲ့ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှု အထောက်အထားပေါင်းများစွာကို မြန်မာလူထုက IIMM အဖွဲ့ထံ နည်းလမ်းပေါင်းစုံနဲ့ ပေးပို့ထားကြသလို  မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ စွဲချက်တင်နိုင်ဖို့  အထောက်အကူဖြစ်စေမယ့် အချက်အလက် အထောက်အထားပေါင်း သန်းနဲ့ချီပြီး ဖေ့စ်ဘွတ်ခ်ကလည်း ပေးအပ်ထားပါတယ်။

ဒါပေမဲ့ စစ်ရာဇတ်မှုတွေဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီစစ်တပ်တာဝန်ရှိသူတွေနဲ့ အပေါင်းပါတွေကို  တရားစွဲဆိုအပြစ်ပေးနိုင်ရေးအတွက်  IIMM အနေနဲ့  အခုအချိန်အထိတော့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။   

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024