Live
Home
မြန်မာသတင်း
ရေဖြူမြို့နယ်၌ အလှူအိမ် ဓားပြတိုက်ခံရ
DVB
·
September 21, 2022

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ဇီးကျရွာရှိ စတိုးဆိုင်တွဲဖွင့်ထားတဲ့ နေအိမ်တအိမ်မှာ အလှူလုပ်နေတုန်း စက်တင်ဘာ ၂၀ ရက် ညနေ ၄ နာရီလောက်က ဓားပြတိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓားပြတိုက်ခံရတဲ့နေအိမ်အနီးရှိ ရွာသားတယောက်က “အတိုက်ခံရတဲ့အိမ်က လျှပ်စစ်ပစ္စည်းနဲ့ စားသောက်ကုန်၊ လူသုံးကုန်တွေရောင်းတဲ့ စတိုးဆိုင်ဖွင့်ထားတဲ့ အိမ်ဆိုင်ပါ။ ခြံစည်းရိုးနဲ့ သေချာလုပ်ထားတာပါပဲ။ အခုဖြစ်သွားတာက အကျွေးအမွေးတခု လုပ်နေတုန်း ရောက်လာပြီး ဧည့်သည်တွေပဲထင်လို့ အထဲခေါ်ပြီးမှ ဓားပြတွေဖြစ်နေပြီး ဓားပြတိုက်ခံလိုက်ရတာ” လို့  ပြောပါတယ်။

ဓားပြတိုက်တဲ့လူတွေဟာ Vigo ကားနဲ့ရောက်လာတာဖြစ်ပြီး ၄ ယောက် ပါဝင်တယ်လို့ အဲဒီရွာသားက ဆိုပါတယ်။

အိမ်ရှင်ရဲ့ဖုန်းနဲ့ ငွေသား သိန်း ၈၀ ကျော်အပြင် အကျွေးအမွေးပြုလုပ်နေတာကို လာရောက်ကြသူတွေရဲ့ ပစ္စည်းတချို့လည်း ဓားပြတိုက်တဲ့လူတွေက ယူသွားတယ်လို့ သိရပါတယ်။

ဇီးကျရွာမှာ ရေဖြူမြို့အဝင် Toll gate နဲ့ ထားဝယ်နဲ့ မြို့နယ်ချင်းဆက် လမ်းထိပ်မှာ စစ်တပ်က ယာယီတပ်ထိုင်ထားပြီး အခုလို နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုဖြစ်တာကြောင့် ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

အခုနှစ် ဇွန်လဆန်းပိုင်းကလည်း ရေဖြူမြို့နယ် နဘုလယ်ဒေသ ပရဒတ်ရွာက နေအိမ်တအိမ်မှာ ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။

ဒါ့အပြင် ရေဖြူမြို့နယ်က ကျေးရွာတွေမှာ လုပ်ငန်းရှင်တွေကို အမည်မဖော်ဘဲ ဆက်ကြေးပုံစံ စာနဲ့တမျိုး ဖုန်းနဲ့တမျိုး ဆက်သွယ် ငွေတောင်းခံနေတာလည်း ရှိနေတယ်လို့ တောင်းခံရသူတွေက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်ခရိုင်အတွင်း ခိုးဆိုးလုနှိုက်တွေအပြင် ပြောင်ပြောင်တင်းတင်း ကျူးလွန်လာတဲ့ ဓားပြမှုတွေ တလကို ၃ မှုထက်မနည်း ရှိနေပြီး ဖမ်းဆီးအရေးယူခံရတာမျိုး မတွေ့ရပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024