Home
မြန်မာသတင်း
ရူဘယ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေသော်လည်း စီးပွားရေး ပြန်ကောင်းမလာနိုင်ဟု သုံးသပ်
DVB
·
September 21, 2022

ရုရှားငွေကြေးရူဘယ်နဲ့ မြန်မာကျပ်ငွေတို့အကြား တိုက်ရိုက်ပေးချေပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီက ကြိုးပမ်းဆောင်ရွက်နေပေမဲ့ ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးဟာ ပြန်ကောင်းလာမှာ မဟုတ်ဘူးလို့ သုတေသီတွေက ထောက်ပြပြောပါတယ်။

စစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက လာမယ့် နိုဝင်ဘာလအတွင်းမှာ ရုရှားငွေကြေး ရူဘယ်နဲ့ မြန်မာကျပ်ငွေကို တိုက်ရိုက်ပေးချေမှုတွေ ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ရကြောင်း စက်တင်ဘာ ၂၀ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

လာမယ့်နိုဝင်ဘာလအတွင်းမှာ တတိယအကြိမ်မြောက် ရုရှား-မြန်မာ ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ကော်မရှင် အစည်းအဝေးကျင်းပဖို့ ရှိတာကြောင့် ဒီအစည်းအဝေးမတိုင်မီ ရုရှားနိုင်ငံ ဗဟိုဘဏ်က ငွေကြေးဆိုင်ရာ စာတို ပို့စနစ် SPFS ရဲ့  MIR ကတ်သုံးစွဲနိုင်ရေးအတွက် အမြန်ဆုံး ချိတ်ဆက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီအတွက် ရုရှား-မြန်မာ နှစ်နိုင်ငံရှိ ဗဟိုဘဏ်တို့အကြားမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဘက်က လက်မှတ်ရေးထိုးဖို့ အသင့်ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ ခြေလှမ်းတွေက ရုရှားအပေါ် စစ်ရေးအရ မှီခိုရုံတင်မက စီးပွားရေး အတွက်လည်း မှီခိုဖို့ ပြင်ဆင်လာပါတယ်။ ဒါပေမဲ့ မြန်မာ့စီးပွားရေးဟာ ရုရှားနိုင်ငံအပေါ်မှာ အခြေမတည်တဲ့အတွက် ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးက ပြန်ကောင်းလာဖို့ မရှိဘူးလို့ သုတေသီတွေက ထောက်ပြထားပါတယ်။

စီးပွားရေးသုတေသီတဦးက “ရုရှားပေါ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးက ကျနော်ထင်တယ်၊ ၅ ရာခိုင်နှုန်းအောက်မှာပဲရှိလိမ့်မယ်။ အရင်ကဆိုရင် ရုရှားနဲ့မြန်မာ ဆက်ဆံရေးမှာ စီးပွားရေးဆက်ဆံမှုကမရှိသလောက်ပဲ။ စစ်ရေးဆက်ဆံမှုပဲရှိတာ။ ရုရှားမှာ စစ်ပညာ သွားသင်တယ်။ လက်နက်ဝယ်တယ်။ ဒီလောက်ပဲ။ အခုကတော့ ရုရှားနဲ့ဆက်ဆံရေးကို ဘောင်ချဲ့လာတာပေါ့။ စစ်ရေးနဲ့ပတ်သတ်ပြီး ပူးပေါင်းဆောင်ရွက်မှုကနေ အခု စီးပွားရေးနဲ့ နိုင်ငံရေး ပါ ပူးပေါင်းဆောင်ရွက်လာတာ။ ဒါပေမဲ့ လက်ရှိအနေအထားက ပူးပေါင်းဆောင်ရွက်မယ်သာ ပြောနေတာ။ အနေအထားက ဘယ်လောက် ရာခိုင်နှုန်းလောက် ရုရှားနဲ့ ချိတ်ဆက်ထားမှု ရှိပြီလဲ။ အခုမှ စချိတ်မှာလေ။ စမချိတ်ခင်မှာ ဘာလုပ်ရမလဲဆို ဖောင်ဒေရှင်း အခြေခံတွေ တည်ဆောက်ရ ဦးမယ်။ ပေးချေမှုတွေအတွက်ရော ဘယ်လိုလုပ်မလဲ။ စာချုပ်တွေ ထိုးရဦးမယ်။ ရုရှားစကား တတ်တဲ့သူ မြန်မာပြည်မှာ ဘယ်လောက် ရှိလဲ။ အဲ့ဒါတွေက အစ အများကြီးလိုတယ်လေ။ အခြေခံတွေ အများကြီး တည်ဆောက်ရဦးမှာ။ ဒါတွေက ဒီနေ့လုပ် ဒီနေ့ ဖြစ်တာ မဟုတ်ဘူး” လို့ ပြောပါတယ်။

လက်ရှိမှာဆိုရင်လည်း မြန်မာပြည်ရဲ့ စီးပွားရေးက အိမ်နီးချင်းနိုင်ငံတွေနဲ့သာ ချိတ်ဆက်ထားပြီး ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတွက် ငွေပေးချေတဲ့နေရာမှာ နိုင်ငံတကာသုံး အမေရိကန်ဒေါ်လာနဲ့သာ သုံးစွဲနေကြတာပါ။ ဒါကြောင့် အမေရိကန်ဒေါ်လာနေရာမှာ အစားထိုး သုံးစွဲဖို့က လက်ရှိအခြေအနေအရ ပြောင်းလဲလို့ မရနိုင်သေးပါဘူး။

ဘဏ္ဍာရေးနှင့်ငွေကြေးဆိုင်ရာသုတေသီတဦးက “ဟိုတလောကဆိုရင် ကျနော်တို့ကြားတာက ဒေါ်လာသုံးတဲ့ နိုင်ငံတွေက ဒေါ်လာကို အသုံးပြုပြီး အနိုင်ကျင့်တယ်လို့ စစ်ကောင်စီဘက်က ပြောတာမျိုးတွေ ရှိလာတယ်။ အဲ့တော့ ဒေါ်လာ မသုံးတဲ့ နည်းလမ်းတွေ စဉ်းစား လာကြတာပေါ့။ အခုဆိုရင် ရုရှားကို သူ အားကိုးလာတယ်။ တရုတ်နဲ့ဆိုရင် တရုတ် ယွမ်ကို အားကိုးမယ်။ ထိုင်းနဲ့ဆိုရင် ထိုင်းဘတ်ကို အားကိုးမယ်။ တနည်းအားဖြင့် ဒေါ်လာကို မသုံးရမယ့် နည်းလမ်းမျိုး သူတို့ ရှာမယ်ပေါ့။ ဒါပေမဲ့ ပြဿနာက ဒီဟာကို ဘယ်လောက်ထိ ကုစား နိုင်မှာလဲ။ ဘာကြောင့်လဲဆို ကမ္ဘာ့စီးပွားရေးမှာ ဘယ်ငွေကြေးက ဦးဆောင်နေလဲ ဆိုတာ ကြည့်ဖို့လိုတယ်။ ကမ္ဘာမှာ ဦးဆောင်နေတာက ဒေါ်လာကို ဘယ်ငွေကြေးမှ ဒီကနေ့ အထိ မယှဉ်နိုင်သေးဘူး။ နံပါတ်-၂ က ယူရိုငွေကြေး။ အဲ့တော့ ရုရှားက ဘယ်အဆင့်မှာ ရှိလဲဆိုရင် ကမ္ဘာ့နိုင်တွေ စာရင်းမှာ အဆင့် ၁၁ မှာသာ ရှိတယ်။ ပြီးတော့ သူ့ရဲ့ ရုရှားငွေ သုံးတဲ့နိုင်ငံက လက်ချိုးရေတွက်လို့ ရတယ်။ အဲ့တော့ သူ့ထက်စာရင် တရုတ်ယွမ်က နည်းနည်း ကျယ်ပြန့်သေးတယ်။ ဒါပေမဲ့ အဲ့ဒါတွေနဲ့ သွားလုပ်ရင်တော့ မြန်မာပြည်ဟာ နိုင်ငံတကာကလက်ခံတဲ့ ငွေကြေးကို မသုံးစွဲပဲနဲ့ ကိုယ် သုံးချင်တဲ့ ငွေကြေးပဲ သုံးမယ်ဆိုရင် နိုင်ငံတကာနဲ့ အပေးအယူလုပ်လို့ မရတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့နောက်ဆုံး အပြီးသတ် စိစစ်ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းက အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းထိုးကျသွားပြီလို့ ဖော်ပြထားပါတယ်။ ဒါက ၂၀၂၁ ခုနှစ်အတွက် ခန့်မှန်းတွက်ချက်ခဲ့တာပါ။

အလားတူ ကမ္ဘာ့ဘဏ်ကလည်း ၂၀၂၂ ခုနှစ်အတွက် နိုင်ငံအသီးသီး၏ စီးပွားရေးတိုးတက်မှုအပေါ် ထုတ်ပြန်တဲ့အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ထည့်သွင်းတွက်ချက်နိုင်မှု မရှိတော့တဲ့အတွက် ကွက်လပ်ထားခဲ့ပါတယ်။ အကြောင်းရင်းကတော့ အာဏာသိမ်းစစ်ကောင်စီမှ ထုတ်ပြန်တဲ့ အချက်အလက်တွေအပေါ် အယုံအကြည် မရှိတော့ တဲ့အတွက် ချန်လှပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေနဲ့ ကြိုးပမ်း ဆောင်ရွက်မယ်ဆိုပါက လာမယ့် ၅ နှစ် အတွင်း အာဆီယံနိုင်ငံတွေထဲမှာ အလယ်အလတ်အဆင့်ကို ရောက်ရှိမှာဖြစ်ပြီး ၁၀ နှစ် အတွင်းမှာဆိုရင် ထိပ်တန်းအဆင့်ထိ ရောက်နိုင်တယ်လို့ပြီးခဲ့တဲ့ သြဂုတ်လက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ သူ့လက်အောက်ခံ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ် အားပေး ပြောဆိုခဲ့ပါတယ်။‌

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024