
မြန်မာနိုင်ငံက စာရေးဆရာတွေ စာနယ်ဇင်းသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ PEN Myanmar ရဲ့ ငြိမ်းချမ်းရေးအတွက် စာရေးဆရာများ ကော်မတီက ကြီးမှူးပြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေးဆိုင်ရာ ၀တ္ထုတိုနဲ့ ကဗျာပြိုင်ပွဲတရပ်ကို ကျင်းပမှာ ဖြစ်တယ်လို့ PEN မြန်မာရဲ့ လူမှုရေး ကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
PEN Myanmar Center ၏ ငြိမ်းချမ်းရေးအတွက် စာရေးဆရာများ ကော်မတီ(Writers For Peace Committee)က ကလောင်စွမ်း ကိုသုံး၍ ပြည်သူတစ်ရပ်လုံး လိုလားတောင့် တနေသော ငြိမ်းချမ်းရေးကို တစိတ်တပိုင်းအားဖြင့် ဆောင်ကျဉ်း ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်သလို အနုပညာစွမ်းအားဖြင့် နှလုံးသားများကို နူးညံ့သိမ့်မွေ့စေနိုင် လိမ့်မယ်လို့ ယုံကြည်တဲ့ အလျောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ အခုလို ပါဝင်ဆောင်ရွက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စာမူတွေက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့ပြီးတဲ့ ဖြစ်ပွားလျက်ရှိတဲ့ ပြည်တွင်းစစ်ပွဲများ၊ အကြမ်းဖက်မှုများနဲ့ ပဋိပက္ခများထဲမှ အကြောင်းအရာတခုခုကို အခြေတည်၍ ခံစားရေးဖွဲ့ထားသော စာမူများဖြစ်ဖို့ လိုသလို ငြိမ်းချမ်းသော ယဉ်ကျေးမှုကို တည်ဆောက်နိုင်ရေးအတွက် ခံစားမှုတွန်းအားပေးနိုင်ရမှာ ဖြစ်သလို ပြိုင်ပွဲဝင်တွေက စာရေးသက် ၅ နှစ်မကျော်သော ကလောင်ရှင်များဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
စာမူတွေကို ဇွန် ၂၀ ရက်နေ့နောက်ဆုံးထားပြီးတော့ PEN Myanmar Center ၏ ယာယီရုံးခန်းလိပ်စာ ပဲ့တင်သံဂျာနယ် ရုံးခန်း၊ အမှတ် ၄-၀၁၊ တိုက် ၁၇၊ ၃လွှာ၊ ၅၂ လမ်း (အောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ သို့ဖြစ်စေ အီးမေးလ်လိပ်စာ [email protected] ပေးပို့ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြိုင်ပွဲဝင်စာမူများထဲမှာ ဝတ္ထုတို ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ ကဗျာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု တို့ကို ရွေးချယ်ချီးမြှင့်သွားမှာဖြစ်ပြီး ဇကာတင်ရွေးချယ်ခံရသော ဝတ္ထုတို ၁၅ ပုဒ်နဲ့ ကဗျာ ၁၅ ပုဒ် တို့ကို PEN Myanmar Center က စာအုပ်အဖြစ် ဖြန့်ချိပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရွေးချယ်ခံရတဲ့ စာမှုတွေကို ဇူလိုင်လမှာ ထုတ်ပြန်ပေသွားမှာဖြစ်သလို တိုင်းရင်းသား ကလောင်ရှင်တွေကလည်း တိုင်းရင်းသားဘာသာဖြင့် ရေးသားထားသော စာမူများကို ဗမာဘာသာပြန်နဲ့ ပူးတွဲပေးပို့နိုင်ပြီး ဇကာတင်အဆင့်ရွေးချယ်ခံရပါက ထုတ်ဝေမယ့် စာအုပ်မှာ တိုင်းရင်းသားဘာသာဖြင့်ပါ ရိုက်နှိပ်ဖော်ပြပေးသွားမယ်လို့ ကြေညာထားပါတယ်။











