ကချင်ပြည်နယ်မှာ ကိုဗစ်-၁၉ တကျော့ပြန်ဖြစ်လာတဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အတည်ပြုလူနာ ၆၀ ကျော်အထိရှိလာတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါပေမဲ့ မြေပြင်အခြေအနေမှာ ကူးစက်ခံရသူအရေအတွက်က ထုတ်ပြန်ချက်ပါ စာရင်းထက် ပိုများနိုင်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေဆီက သိရပါတယ်
“ကိုဗစ်-၁၉ ရောဂါပိုးက ပြန့်နေပြီ။ ဒီလူဦးရေ ၆၀ ကျော်ဆိုတာ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ပဲ။ ခုက ရာသီတုပ်ကွေးလိုလို ဘာလိုလိုနဲ့ ကိုဗစ်မစစ်ဘဲ နေကြလို့သာ။ ဖျားတဲ့သူတွေကို သေချာစစ်မယ်ဆို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထက် မြေပြင်အခြေအနေက ပိုများနိုင်တယ်။”
ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၆ ဦး၊ မြစ်ကြီးနားမြို့မှာ ၁၉ ဦး၊ ပူတာအိုမြို့မှာ ၁၃ ဦး၊ ဗန်းမော်မြို့မှာ ၅ ဦးနဲ့ မိုးကောင်းမြို့မှာ ၃ ဦးတွေ့ရှိရကြောင်း ထုတ်ပြန်ထားပါတယ်။
“မြစ်ကြီးနားမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ပြည်သူ့ဆေးရုံက သီးသန့်အဆောင်မှာ ထားပေးထားတယ်။ ခုလက်ရှိ ဆေးရုံက ကိုဗစ်-၁၉ သီးသန့်အဆောင်မှာ ၁၀ ဦးထက်မနည်း ရှိတယ်” လို့ မြစ်ကြီးနားဆေးရုံက ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန်ကနေ အခုအချိန်ထိ အတည်ပြု လူနာ စုစုပေါင်း ၂၉,၀၀၀ ကျော်ရှိပြီး သေဆုံးသူ တစ်ထောင်ကျော်ရှိကာ မြစ်ကြီးနားမြို့နယ်အတွင်း သေဆုံးသူ ၄၀၀ ကျော် ရှိပါတယ်။