ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအတွက် တရားပြန်လည်စွဲဆိုထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအား အာဏာသိမ်း စစ်ကောင်စီ တရားရုံးက စွဲချက်တင်အမိန့် ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် အာဏာသိမ်းစစ်ကောင်စီက တရားပြန်လည် စွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှုအတွက် စက်တင်ဘာ ၂၀ ရက်နေ့က ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီးနောက် အခုလို စွဲချက်တင်အမိန့် ထပ်မံချမှတ်လိုက်တာပါ။
“ဝန်ကြီးချုပ်ကို စွဲဆိုထားတဲ့ အမှုအတွက် စွဲချက်တင် အမိန့်ချတယ်၊ ဝန်ကြီးချုပ်က အပြစ်မရှိဘူးလို့ ထွက်ဆိုတယ်၊ နောက်ရုံးချိန်းကိုတော့ စက်တင်ဘာ ၂၇ ရက်ကို ချိန်းတယ်” လို့ တရားရုံးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုတွေဟာ တရားစွဲ အဖွဲ့အစည်း ခွင့်ပြုမိန့် မပါတဲ့အတွက် ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့က ပြည်ထောင်စု တရားလွှတ်တော်ရုံးချုပ်ကနေ အမှုတခုလုံးကို ချေဖျက်ကြောင်း အမိန့်ချမှတ်ထားတာပါ။
ဒါပေမယ့် အဲဒီအမှုတွေကို စစ်ကောင်စီက တရားစွဲအဖွဲ့အစည်း ခွင့်ပြုအမိန့်လျှောက်ထားပြီး ထပ်မံတရားစွဲဆိုခဲ့ပြီးနောက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် ဒုတိယအကြိမ် စစ်ကောင်စီ အောက်တရားရုံးက စွဲချက်တင် အမိန့် ထပ်မံချမှတ်လိုက်တာပါ။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပုဒ်မ ၁၃၀ (က) အတွက် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံထားရတာပါ။
လက်ရှိမှာတော့ အသက် ၆၈ နှစ်အရွယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ထောင်ဒဏ် ၂၅ နှစ် ချမှတ်ပြီး ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။