ကချင်ပြည်နယ်၊ ဖားကန့်အသွားလမ်း၊ နန့်ယားကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ နန့်ယားပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦး စက်တင်ဘာ ၂၀ ရက် ဒီမနက် ၇ နာရီလောက်က ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက သိရပါတယ်။
ဦးထွန်းထွန်းဦးဟာ နန့်ယား စစ်ကောင်စီတပ်ကုန်းကနေ သူ့ရဲ့နေအိမ်ကို ပြန်လာတဲ့အချိန်မှာ အိမ်ခြံဝင်းပေါက်ဝအရောက်မှာ ဆိုင်ကယ်နဲ့ လူ နှစ်ယောက်က သေနတ်နဲ့ ပစ်သတ်သွားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူက ညဘက်ဆို စစ်တပ်ထဲမှာ အိပ်တာ မနက်ကျမှာ အိမ်ကို ပြန်လာတာ။ ဒီမနက်လည်း တပ်ကပြန်လာတဲ့အချိန် အိမ်ဝမှာ လူနှစ်ယောက်က သေနတ်နဲ့ ပစ်သတ်သွားတာ။ ဘယ်သူက ပစ်တယ်။ ဘာကြောင့်ပစ်တယ်ဆိုတာတော့ မသိသေးဘူး။ သူ အဲဒီလို ပစ်ခံရတော့ စစ်ကောင်စီတပ်တွေ ရွာထဲဝင်လာပြီး သေနတ်ပစ်ဖောက် သောင်းကျန်းပြီး စစ်ဆေးတာတွေ လုပ်တယ်။”
သေနတ်သမား နှစ်ယောက်ဟာ ပြည်သူ့စစ်ခေါင်းဆောင်ကို ပစ်သတ်သွားပြီးနောက် သူ့ရဲ့ ကိုယ်မှာဆောင်ထားတဲ့ သေနတ်ကိုပါ ယူဆောင်သွားတယ်လို့ သိရပါတယ်။
နန့်ယားပြည်သူ့စစ် ခေါင်းဆောင် ဖမ်းဆီးခံရပြီးနောက် နန့်ယားကျေးရွာအတွင်း စစ်ကောင်စီတပ်သားတွေရောက်လာပြီး သေနတ်ဖောက် လိုက်လံစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။
ပစ်သတ်ခံရတဲ့ ဦးထွန်းထွန်းဦးဟာ ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေတာ ၄ နှစ်လောက် ရှိပြီဖြစ်ပြီး အရင် ပြည်သူ့စစ်ခေါင်းဆောင်တွေကလည်း ပစ်သတ်ခံရတာ ဖြစ်ပါတယ်။
ဖားကန့်အသွားလမ်းမှာ ရှိတဲ့ နန့်ယားဂိတ်ဟာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်တွေ ပူးပေါင်းစစ်ဆေးတဲ့ ဂိတ်ဖြစ်ပြီး အစစ်အဆေးကြမ်းတဲ့ ဂိတ်လည်း ဖြစ်ပါတယ်။