Home
မြန်မာသတင်း
ဒီးမော့ဆို PDF ဆေးမှူး ရဲမေ ၁ ဦး မိုင်းနင်းမိပြီး ကျဆုံး
DVB
·
September 20, 2022

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူရွာသစ်ကျေးရွာရှေ့တန်းသို့ ဆေးကုသသွားရင်း စစ်ကောင်စီဘက်က ထောင်ထားတဲ့ မိုင်းနင်းမိလို့ ဒီးမော့ဆို (DMO-Local PDF)တပ်ရင်း (k) မှ ဆေးမှူး ရဲမေ တယောက် ကျဆုံးသွားခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တပ်ရင်း(K)မှ ဆေးမှူးတာဝန်ထမ်းဆောင်တဲ့ ရဲမေ မဇယ်ရာမီးနာ (အသက် ၁၈ နှစ်)ဟာ ဦးလေးဖြစ်သူနဲ့အတူ ဆေးကုသသွားရင်း အပြန်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းနင်းမိပြီး  ကျဆုံးသွားတာ ဖြစ်ပါတယ်။

ဦးလေးဖြစ်သူ ‌ဦးပေါလူခွန်း (အသက် ၅၀ နှစ်)မှာလည်း ဘယ်ဘက်ခြေနဲ့ လက်နှစ်ခုထိ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့  (DMO-Local PDF) က သတင်းထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြောခွင့်ရသူက  “သူက မြေပြင်တနေရာမှာ ဆေးသွားကုရင်း သူ့ဦးလေးနဲ့အတူသွားပြီး အပြန်လမ်းမှာ စစ်ကောင်စီက ထောင်ထားတဲ့မိုင်းကို နင်းမိပြီး ပွဲချင်းဆုံးသွားတာပေါ့နော်။ အဲဒီ ဆောင်ဒူရွာသစ်ကျေးရွာနားမှာ ဆေးကုသသွားရင်း အပြန်မှာ မိုင်းနင်းမိသွားတာ” လို့ ဒီပြောပါတယ်။

တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရသော ရဲမေ မဇယ်ရာမီးနာရဲ့ ဈာပနအခမ်းအနားကို စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၀ ရက်ထိ ကျင်းပခဲ့ပြီး  ဒီနေ့မနက် ၇ နာရီ ကက်သလစ် ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ  ဂူသွင်းသင်္ဂြိုဟ်ပေးခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့တုန်းကလည်း လွိုင်ကော်မြို့အထွက် နွားလဝိုးနဲ့ ပဒါးညေးကျေးရွာအနီး တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦး ကျဆုံးသွားခဲ့သလို့ မနေ့က ရှမ်း-ကရင်နီ (ကယား)နယ်စပ် မိုးဗြဲမြို့တွင်း ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သား ၂ ဦး ကျဆုံးခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024