
စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ်မှာ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်ခဲ့လို့ ကလေးငယ်တဦးနဲ့ သက်ကြီးရွယ်အိုတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နားမကြိုင်းကျေးရွာကို စစ်ကြောင်ထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ မနေ့က ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး ရမ်းသန်းပစ်ခတ်ခဲ့ရာက ကျည်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတဦးက "နဘားဘက်က တက်လာတဲ့စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နားမကြိုင်း ရွာနားမှာ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်လည်းကျရော စစ်ကောင်စီတပ်က ရွာဘက်ကို ရမ်းသန်းပြီး လက်နှက်ကြီးနဲ့ လှမ်းထုတယ်။ ရွာက ကလေးငယ်တဦးနဲ့ အဘွားတဦး ကျည်ထိမှန်ပြီး ဒဏ်ရာရတယ် "လို့ ပြောပါတယ်။
စစ်ကောင်စီ ခမရ ၃၀၃ တပ်က နားမကြိုင်းကျေးရွာကို လှမ်းပစ်တဲ့ လက်နှက်ကြီး ကျည်ထိမှန်ခဲ့လို့ အသက် တနှစ်ခွဲ ကလေးငယ်ဟာ လက်မောင်းကျည်ထိ ဒဏ်ရာ (စိုးရိမ်ရ)နဲ့ အသက် ၈၀ ရွယ် အဘွားအိုကတော့ မျက်နှာမှာ ကျည်ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ကြောင့် အင်းတော်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ မကြာခဏတိုက်ပွဲ ဖြစ်ပွားနေပါတယ်။