
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ကျေးရွာ ၃ ရွာရှိ ပြည်သူလူထု နေအိမ် ၉ လုံးကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၉ ရက်မနက်ပိုင်းမှာ မီးရှိုဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့မှ တမူးမြို့ကို စစ်ကြောင်ုထိုးလာတဲ့ စစ်ကောင်စီတပ်က တမူးမြို့နယ် ရန်လင်းဖိုင်ရွာက လူနေအိမ် ၄ လုံး၊ နန်မွမ်းတားရွာက ၃ လုံးနဲ့ ခွမ်းမွမ်းနွမ်းကျေးရွာက နေအိမ် ၂ လုံးကို မီးရှို့ ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။
တမူး PDF တပ်ဖွဲ့ဝင် တဦးက "ရန်လင်းဖိုင်ရွာက ဇွန်လတုန်းက လူနေအိမ် ၄ လုံး မီးရှို့ခံရပြီးပြီ။ အခုက ဒုတိယအကြိမ်ပေါ့။ ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်" လို့ ပြောပြပါတယ်။
နေအိမ်တွေ မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီတပ်ကို နန်မွမ်းတားရွာအနီး မိုင်းဆွေတိုက်ခိုက်ခဲ့တာ ကြောင့် ထိခိုက်သေဆုံးတာ ရှိနိုင်တယ်လို့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပေမဲ့ ထိခိုက် ကျဆုံးတဲ့ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
အဲဒီနေ့ညနေပိုင်းမှာ တမူးမြို့အပြင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံမဟာမိတ်ပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
လက်ရှိမှာ ကလေး-တမူးလမ်းကြောင်းမှာ စစ်ရေး တင်းမာနေတဲ့အတွက် အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် တမူး-ကလေးလမ်းပိုင်းကို အသုံးပြုကြဖို့ကို တမူး PDF က သတိပေးထားပါတယ်။
တမူးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်မှစလို့ ဇွန်လကုန်အထိ အရပ်သား ၁၉ ယောက်ထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီးခံရသူ ၆ ယောက်ထက် မနည်းရှိလာကာ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၁၉ လုံးထက်မနည်း ရှိလာပြီလို ကူကီးကျောင်းသားလူငယ်အဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။