
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ မံစီဒေသ အနောက်တောရွာနဲ့ နမ့်တောင်ရွာကြားကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေယာဉ်နဲ့ လာရောက်တိုက်ခိုက်တဲ့နေရာနဲ့ အနီးနားက ကျေးရွာနေ ပြည်သူတွေလည်း တိမ်းရှောင်နေရပါတယ်။
ဗန်းမောက်မြို့နယ်နေ ပြည်သူ တဦးက “နမ်းတောရွာနားမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတချို့ ပြေးနေရတယ်ဆိုပြီးတော့ ဖုန်းဆက်တယ်၊ အနောက်တောရွာကို ဆက်သွယ်ကြည့်တော့ဟုတ်တယ်တဲ့။ သေချာတာက အနောက်တောရွာနဲ့ နမ့်တောင်ကြားမှာဖြစ်တဦ အဲနှစ်ရွာက သိပ်မဝေးဘူး”လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှု အခြေအနေနဲ့ပတ်သက်လို့ ဗန်းမောက် ပ.အ.ဖ ကိုဆက်သွယ်မေးမြန်းကြည့်တဲအခါ ဗုံးကြဲတိုက်ခိုက်တာရှိပေမဲ့ ထိခိုက်မှုရှိမရှိ အသေးစိတ်မသိရသေးလို့ စုံစမ်းနေဆဲပဲလို့ ပြောပါတယ်။
“လေယာဉ်နဲ့ လာတိုက်တာဟုတ်တယ်။ အခုကျနော်တို့လည်း အဲဘက်ကို ဆက်သွယ်နေတယ်။ ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရဖြစ်နေတာ။ ကျနော်တို့ အထင်တော့ သူတို့(စကစ)က PDFတွေရှိတယ်ထင်လို့ လာကြဲတာနေမှာပါ။”
ပြီးခဲ့တဲ့လကလည်း ဗန်းမောက်မြို့နယ်တောင်ပိုင်း မှတ်တရာဘက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။