စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို ဒီနေ့ စက်တင်ဘာ ၁၉ ရက် မနက်က ဒရုန်းနဲ့ ဗုံးသီး ပစ်ချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အဲဒီကျောက်ရစ်ရဲခန်းမှာ ဒရုန်းဖျက်ကိရိယာ (Jammer) တပ်ဆင်ထားပေမယ့် ရည်ရွယ်ထားတဲ့ ပစ်မှတ်ကို ထိရောက်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ဒီ ၉ လပိုင်းထဲမှာ ကျနော်တို့ရဲ့ ဒရုန်း ၃ စီးကို သူတို့က ဖျက်ဆီးလိုက်နိုင်တယ်။ တစီးကိုတော့ သူတို့က ဆွဲခေါ်သွားပြီး အောက်ကနေ ပိုက်တွေကာပြီး ဝိုင်းဖမ်းကြတာ။ သူတို့ ရသွားတယ်။ နောက်တစီးက jammer မိပြီး စခန်းဘေးကျသွားတယ်။ နောက်တစီးကတော့ ထိန်းချုပ်မရတော့ဘဲ အီနာဂါ(ဗုံး)နဲ့အတူ ပေါက်ကွဲသွားတယ်။ အဲဒီနောက် စခန်းမှူးက ရဲစခန်းပေါ်မှာ ကြိုက်တဲ့ ဒရုန်းပျံခဲ့ ပြန်လမ်းမရှိစေရဆိုပြီး စိန်ခေါ်ထားတာ။ အဲဒါကြောင့် Jammer မိတဲ့နေရာကိုပဲ ရွေးလုပ်ပြခဲ့တယ်။ တိုက်ခိုက်မှုအတွင်း ရန်သူဘက်က ဒဏ်ရာရတာတော့ရှိတယ်။ အသေစာရင်းက မသိရသေးဘူးဗျ။ တခါတရံ ၂ ရက်လောက်နေမှ သိတာမျိုး ခဏ ခဏရှိတော့ အသုဘချမှပဲ အလောင်းဘယ်လောက်ဆိုတာ အတိအကျသိရတာမျိုးလည်း ရှိတယ်ဗျ” လို့ မြောင်မြို့နယ် ကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ (CDSOM) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စခန်းပေါ်ကို ဒရုန်း ၂ စင်းနဲ့ အီနာဂါဗုံးသီး ၂ လုံး ပစ်ချခဲ့တာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Wings Of The Irrawaddy၊ Chaung U Revolation Army - CRA ၊ CDSOM၊ Young Fighter နဲ့ နယ်မြေခံလုံခြုံရေးအဖွဲ့သားတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့ကလည်း မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းနဲ့ နနွမ်းကိုင်းရွာနားမှာ ကျေးရွာကို စစ်ကြောင်းထိုးပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။