နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးမောင်ဝိတ်ဆီကနေ လာဘ်စားတယ်လို့ စွပ်စွဲထားတဲ့ အဂတိမှုနဲ့ ရဟတ်ယာဉ်၀ယ်တာ၊ ငှားရမ်းတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စွဲဆိုထားတဲ့ အဂတိမှုတွေကို စက်တင်ဘာလ ၁၉ ရက်နေ့က နေပြည်တော် အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဦးမောင်ဝိတ်နဲ့ပတ်သက်တဲ့ အဂတိမှုက သက်သေနှစ်ယောက်ကျန်တာကို ပယ်လိုက်တယ်။ မနက်ဖြန်ရုံးချိန်းမှာ စွပ်စွဲခံရသူဖြစ်တဲ့ အန်တီဒေါ်အောင်ဆန်းစုကြည်ကို စစ်မယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဦးမောင်ဝိတ်ဆီကနေ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို နှစ်ခါခွဲပြီး လက်ခံတယ်လို့ စွပ်စွဲပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ နှစ်ခုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
တခြားအမှုတစ်ခုဖြစ်တဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိမှုတွေထဲက ပုဒ်မ ၄၉ အတွက် သက်သေတစ်ဦးဖြစ်တဲ့ ပို့/ဆက် ၀န်ကြီးဌာနက ဦးဖြိုးမင်းဦး၊ ပုဒ်မ ၄၆ အတွက် ယခင် လူကယ်ပြန်က ဒုတိယအမြဲတမ်းအတွင်း၀န် ဦးနေ၀င်း ဆိုသူတွေကို စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယ်ယူသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ လည်း ဆိုပါတယ်။