
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ စက်တင်ဘာ ၁၇ ညပိုင်းက စစ်ကောင်စီ ရဲတပ်ဖွဲ့တွေ ကင်းလှည့်စဉ် ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ ကင်းလှည့်စဉ် မိုးညှင်းဘူတာအနီးမှာ သေနတ်နဲ့ အချက် ၂၀ လောက် ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသားတဦး သေနတ်ကျည် ထိမှန် ဒဏ်ရာရခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"ည ၈ နာရီလောက်က ဘူတာဘက်မှာ ကင်းလှည့်နေတုန်း လူငယ်လေးတွေ တွေ့လို့ပစ်တာ အချက် ၂၀ လောက် ရှိတယ်။ ကောင်လေးတွေလည်းပြေးသွားတယ်။ တယောက်ကတော့ ပေါင်ကို မှန်သွားတာ။"
ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ကိုအောင်မင်းခန့် ပေါင်မှာ သေနတ်မှန် ဒဏ်ရာရရခဲ့ပြီး မြစ်ကြီးနား ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
မိုးညှင်းမြို့မှာ သြဂုတ် ၃၁ ရက်နေ့ကလည်း စောလင်းအောင်ဆိုသူ သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့က မြို့အတွင်းစစ်ဆေးမှုတွေ တင်းကျပ်ထားကာ သေနတ်နဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီ ရဲတပ်ဖွဲ့ ကင်းလှည့်စဉ် ဆိုင်ကယ်တစီးကို တားဆီးရာမှ ရပ်မပေးတဲ့အတွက် သေနတ်နဲ့ပစ်ခတ်ရာ နွားကျောင်းနေသူ လူငယ်တဦး လက်မောင်းကျည်ထိမှန်ခဲ့ပါသေးတယ်။
photo cj