Home
မြန်မာသတင်း
စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ကလေး ၄ ဦးသေဆုံးပြီး ဒဏ်ရာရ ကလေး ၂၀ ခန့် ဖမ်းဆီးခံရ
DVB
·
September 18, 2022

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာကြောင့် အနည်းဆုံး ကလေး ၄ ယောက်သေဆုံးခဲ့ပြီး ဒဏ်ရာရ ကလေးငယ် ၂၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ 

ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်တချို့ဟာ ကိုယ်အင်္ဂါ မစုံလင်တဲ့အထိ ဖြစ်သွားခဲ့ရတယ်လို့ ကျောင်းသားမိဘတယောက်က  ပြောပါတယ်။

စက်တာဘာ ၁၆ ရက်၊ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ သတင်းပေးက ကျေးရွာစာသင်ကျောင်းမှာ PDF တွေခိုလှုံနေတယ်လို့ သ တင်းပေးခဲ့တာကြောင့် စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ အချိန်တနာရီကြာ ပစ်ခတ်ခဲ့ပါတယ်။ 

လက်တွေ့မြေပြင်မှာတော့ ကျောင်းထဲမှာ PDF တွေ ရှိမနေဘဲ ကျောင်းသားကလေးငယ်တွေပဲ ရှိနေခဲ့တာပါ။ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ကလေးငယ်ရုပ်အလောင်း ၄ လောင်း မျက်မြင်တွေ့ရှိထားရပြီး ဒဏ်ရာရထားတဲ့ ကလေးငယ် ၂၀ ဝန်းကျင်ကို စစ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ 

စစ်ကောင်စီကလေကြောင်းကနေ ပစ်ခတ်ရုံတင်မကဘဲ မြေပြင်ကနေလည်း စစ်ကြောင်းထိုးခဲ့ပြီး အရပ်သားရုပ်အလောင်း ၆ လောင်းကို ထပ်မံတွေ့ရှိထားပါတယ်။ စစ်ကောင်စီရဲ့ ကလေးငယ်တွေအပေါ် အခုလိုလူမဆန်စွာပြုမူခဲ့တာနဲ့ ပတ်သက်ပြီး မိဘတဦးက ပြောပါတယ်။

ကျောင်းသားမိဘတဦးက "လူမဆန်စွာလုပ်တယ်လို့ ထင်တာပဗျာ။ ကျနော့်ကလေးကလည်း ဒဏ်ရာရပြီး သူတို့ခေါ်သွားတယ်။ ကျနော့်သား ၁၅ နှစ် မပြည့်သေးဘူးဗျ သူတို့ခေါ်သွားတာ။ စာသင်နေတဲ့အချိန်ကို သူတို့ လေယာဉ်နဲ့ အချိန်တနာရီကြာအောင်ပစ်တာဗျ။ ကျနော်တို့ကတော့ သူတို့လုပ်တာခံရတော့မှာပေါ့ဗျာ။ သူတို့ လက်ထဲရောက်သွားမှတော့။ ကျနော် ဘယ်လောက်အထိ စိုးရိမ်လဲဆို မနေ့ကတည်းက ထမင်းမစားသေးဘူး၊ အိပ်လို့လည်းမရဘူး။ ကလေးတွေ စာသင်နေတယ်ဆိုပြီးတော့ သူတို့ပစ်နေတဲ့ထဲကို ဇွတ်ဝင်တိုးတာ။ ကျနော်လည်း အဲ့ဒီအထဲမှာ ပါတယ်။ ခေါ်သွားတာ ဆေးကုမလို့ပဲဆိုပြီးတော့ ပြောပြီးတော့ ခေါ်တာဗျ။ ဆိုးတယ်ဗျ။ တချို့ကလေးတွေဆို မျက်လုံးတွေထွက်တဲ့ ကလေးတွေက ထွက်လိုထွက်။ ခြေထောက်တွေ မစွမ်းမသန်ဖြစ်သွားတဲ့ ကလေးတွေကဖြစ်သွား။ ပြတ်တဲ့ကလေးတွေက ပြတ်။ ကလေးတွေကို အများကြီးပဲဗျာ ခေါ်သွားတာ။ ခန့်မှန်းခြေ ဆယ့်လေးငါးယောက်လောက်ရှိမှာဗျ။ သူတို့ထွက်သွားမှ ကိုယ့်သားပါ သွားပြီဆိုတာကို သိတာဗျ။ သေဆုံးတဲ့အလောင်းတွေ ပစ်ထားခဲ့တာဗျ။ တချို့သေတဲ့ ကလေးတယောက်ကတော့ ခြင်းထဲကောက်ထည့်သွားတာဗျ။ အိတ်နဲ့ထည့်ပြီးတော့ ကလေးပေါက်စလေးပဲဗျ အဲ့ဒါလေးကတော့၊ ငိုနေကြတာပါဗျာ။ ဘယ်သူက ခေါင်းဖော်နိုင်လိမ့်မှာတုန်း။ ငိုရုံကလွဲလို့ ဘာတတ်နိုင်လိမ့်မှာတုန်း။"

လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီက ရေဦးမြို့နယ်မှာ သင်္ဂြိုဟ်လိုက်ကြောင်း၊ ဒဏ်ရာရတဲ့ ကလေးငယ်တွေကို သူတို့တပ်စွဲထားတဲ့ ရေဦး တိုင်းရင်းဆေးရုံ ခေါ်ဆောင်သွားပြီး ထပ်မံ သေဆုံးတာလည်း ရှိနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။  

စက်တင်ဘာ ၁၆ ရက်နေ့က လက်ယက်ကုန်းရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းဟာ လက်ရှိအချိန်မှာ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိနေပြီး အဖမ်းခံထားရတဲ့ ကလေးတွေနဲ့ပတ်သက်လို့ ဘာအဆက်အသွယ်မှမရသေးဘူးလို့ မိဘတွေက ပြောပါတယ်။ 

မူးမြစ်မှာလည်း အလောင်းတချို့တွေ့ရှိထားသလို ပျောက်ဆုံးနေသူတွေလည်း ရှိနေတယ်လို့ ဒေသခံ PDF ခေါင်းဆောင်တယောက်ကပြောပါတယ်။ 

စစ်ကောင်စီ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ စာသင်ကျောင်းမှာ မူလတန်းနဲ့ အလယ်တန်းလွန်ကျောင်းသားတွေ စာသင်နေကြပြီး အဖမ်းခံရတဲ့အထဲမှာ ကျောင်းဆရာတယောက်နဲ့ ကျောင်းအကျိုးတော်ဆောင်တယောက်လည်းပါဝင်ခဲ့ပါတယ်။ ကျောင်းအကျိုးတော်ဆောင်ကို ရေဦးသွားရာလမ်းမှာပဲ စစ်သားတွေက ပစ်သတ်ခဲ့တဲ့အတွက် ရုပ်အလောင်းကို ဒေသခံတွေက နာရေးပြုလုပ်ပေးခဲ့ရပါတယ်။ 

လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းလေကြောင်းကနေ ပစ်ခတ်ခံခဲ့ရပြီးတဲ့နောက် စစ်တပ်က ဖမ်းဆီးသွားတဲ့ ဆရာ၊ ဆရာမနဲ့ ကလေးတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  က စက်တင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒေသခံ PDF ခေါင်းဆောင်တဦးက "ခေါင်းတွေပဲပစ်တာ။ မူး(မြစ်)နှုတ်ခမ်းမှာ အစအနတွေ့လို့ မူးထဲမှာရှာတာ ၃ လောင်းတွေ့ပြီ။ လမ်းမှာ တလောင်းပစ်သတ်သွားတယ်။ သူတို့ထဲမှာ ဓားစာခံပါသွားသေးတယ်။ အဲ့ဒါကလည်း ရေဦးမှာ ဆုံးတယ်လို့ ကြားတယ်။ အားလုံးပေါင်း လက်ရှိ Dead body ၁၀ ခု တွေ့ထားတယ်။ ရဲဘော်တယောက်လည်း ပျောက်နေသေးတယ်။ ဆုံးသွားတာ အမျိုးသားများတယ်။ အမျိုးသမီးလေးက တယောက်တည်း။ ဝေဟင်ကနေ ၅ စီးလာတာ။ ကင်းကလေးတွေကိုလည်း ပစ်သတ်သွားတယ်။ ကျန်တဲ့ MI 35 တွေကတော့ စာသင်ကျောင်းကို ပိတ်ပစ်တာ။ ကျောင်းသား ၄ ယောက်သေတယ်။ ဒဏ်ရာရ ၂၀ ဝန်းကျင်ရှိတယ်။"

သေဆုံးသွားတဲ့ ကလေးငယ်တွေရဲ့ ရုပ်အလောင်းတွေကို ပြန်မရသေးတဲ့အတွက် မိဘတွေအနေနဲ့ နာရေးပြုလုပ်နိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။ စစ်ကောင်စီပိုင် မြဝတီရုပ်သံကတော့ လက်ယက်ကုန်းရွာကနေ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF တို့က လက်နက်ခဲယမ်းတွေ သယ်ယူပို့ဆောင်မှာဖြစ်ပြီး ရွာဘုန်းကြီးကျောင်းမှာ (NLD) ပါတီ ထောက်ခံသူတွေနဲ့  PDF တွေ ခိုအောင်းနေတယ်လို့ သတင်းပေးတာကြောင့် ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ စက်တင်ဘာ ၁၇ ရက်နေ့ညပိုင်းမှာ ထုတ်လွှင့်ခဲ့ပါတယ်။ 

အဲဒီလို စစ်ဆေးတုန်းမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး PDF အဖွဲ့ဝင် ၇ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုထားပါတယ်။ ဒေသခံတွေကတော့ လက်တွေ့မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီတပ်တွေက အကြမ်းဖက်တိုက်ခိုက်ခဲ့တာလို့ ပြောဆိုကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024