
ရခိုင်ပြည်နယ် မောင်တောကို စစ်ကူရောက်လာတဲ့ တပ်မ ၇၇ က အရပ်သားအချို့အား ဖမ်းဆီးပြီး စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပ်မ ၇၇ က ကျီးကန်းပြင်ဌာနချုပ်အနီး အောင်သာယာကျေးရွာက ဒေသခံ သုံးယောက်၊ အောင်မင်္ဂလာရွာက ဒေသခံ သုံးယောက်နဲ့ နွားကျောင်နေကြတဲ့ ကလေး နှစ်ယောက်ကို စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းက ဖမ်းဆီးသွားတာပါ။
ဒီ့နောက် ပညာရေးဝန်ထမ်း ၁ ယောက်နဲ့ ကလေး ၂ ယောက်ကို ကျေးရွာအုပ်ချပ်ရေးမှူးဝန်ခံချက်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး ကျန်ငါးဦးအား စစ်ကြောင်းနဲ့အတူ ခေါ်သွားတာလို့ ဆိုပါတယ်။
အောင်မင်္ဂလာကျေးရွာသားတဦးက "မနေ့က မနက်ပိုင်းမှာ တပ်မ ၇၇ စစ်ကြောင်းက သတင်းအတိအကျနဲ့ ရွာကို ဝင်စစ်တာပါ။ ရွာခံတယောက်နဲ့ မောင်တောက ရောက်နေတဲ့ အရပ်သား ၂ ဦးကို ဖမ်းသွားတယ်။ ရွာခံက ပညာရေးဝန်ထမ်းဖြစ်နေလို့ ပညာရေးမှူးပြောပေးလို့ ပြန်လွှတ်ပေးလိုက်တယ်။ ကျန် ၂ ဦးကို ဗျူဟာမှူးစစ်ပြီးမှ ပြန်လွှတ်မယ်လို့တော့ ပြောတယ်။ လွတ်လာတာမရှိသေးဘူး" လို့ ပြောပါတယ်။
အောင်မင်္ဂလာကျေးရွာမှာ ဖမ်းဆီးသူတွေကတော့ ကျီးကန်းပြင် (အ.ထ.က)ကျောင်းမှာ တာဝန်ကျနေတဲ့ ကျောင်းစာရေး ဦးသိန်းဝင်းနဲ့ အမည်မသိ ၂ ယောက်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ အောင်သာယာ (နတလ) ကျေးရွာက နွားကျောင်းနေတဲ့ ကလေး ၂ ယောက်က ပြန်လွှတ်ပေးလိုက်ပြီး ကျန် ၃ ယောက်ထဲက ၁ ဦးကတော့ ထွက်ပြေးလွတ်ပြောက်သွားတယ်လို့ ရွာသားတဦးက ပြောပါတယ်။
"စစ်ကြောင်း တက်လာတာနဲ့ နွားကျောင်းနေတဲ့ ဟိန္ဒူကလေးငယ် ၁ ဦးနဲ့ မွတ်ဆလင် ကလေးငယ် ၁ ဦးကို အောင်သာယာရွာထဲကို ဖမ်းခေါ်လာကြတာ။ ရွာမှာတွေ့တဲ့ လူငယ် ၃ ဦးကို စစ်ဆေးဖမ်းဆီးတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပြလို့ နွားကျောင်းသား ၂ ဦးကို လွှတ်ပေးတယ်။ ကျန် ၃ ဦးကိုလည်းလွှတ်ပေးမှာ၊ ချိုချိုမောင်က ထွက်ပြေးသွားတော့ ကျန် ၂ ဦးကို စစ်ကြောင်းနဲ့ အတူခေါ်သွားကြတယ်။"
ထွက်ပြေးသွားသူက အသက် ၃၀ အရွယ် ချိုချိုမောင်ဖြစ်ပြီး အသက် ၂၀ အရွယ် ထက်မြက်အောင် နဲ့ ဆန်းကျော်တို့ကိုတော့ စစ်ကြောင်းက ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
တပ်မ ၇၇ က စစ်ကောင်စီတပ်အင်အား ၆၀၀ လောက်ဟာ စစ်တွေကနေ ကစ္ဆပ္ပနဒီ သင်္ဘော၂ စီးနဲ့ မောင်တောဒေသကို စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက ရောက်ရှိလာခဲ့ပြီးနောက် စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။