
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာ စက်တင်ဘာ ၁၅ ရက်က အမျိုးသား ၇ ယောက် အရက်အတူတူ သောက်ရာကနေ အဆိပ်သင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စပါးထားကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသား ၇ ယောက်ဟာ ပိုးသတ်ဆေးဘူး အခွံကို အရက်ခွက်အဖြစ် လုပ်သောက်ရာကနေ သေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“အားလုံးက တဝိုင်းထဲ ထိုင်သောက်တာ။ ဆိုးတာက သူတို့ သောက်တဲ့ခွက်က ပိုးသတ်ဆေးဘူးခွံ ဖြစ်နေတာ။ ဘူးခွံကို ဖြတ်ပြီးသောက်တာမှာ အဆိပ်သောက်သလိုဖြစ်ပြီး သေသွားတာ။”
အရက်အတူသောက်ရင်း သေဆုံးခဲ့သူတွေဟာ ဦးအုန်းသန်း၊ ဦးခင်စိုး၊ ဦးအောင်မြတ်သူတို့အပါဝင် အမျိုးသား ၇ ယောက်ဖြစ်ပြီး ၁ ယောက်က နေရာမှာ သေဆုံးခဲ့သလို ၆ ယောက်ကတော့ ဆေးရုံရောက်မှ သေဆုံးသွားတာလို့ ဆိုပါတယ်။
သေဆုံးခဲ့တဲ့သူတွေရဲ့ ရုပ်အလောင်းကို သလပ်ခွာကျေးရွာကနေ ပုသိမ်ဆေးရုံကြီးကို ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးခဲ့ပြီး ဒေသခံလူမှုကူညီရေးကားတွေနဲ့ အလောင်းတွေကို အိမ်ပြန်ပို့ပေးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
အရက်အတူသောက်စားရာကနေ အဆိပ်သင့်သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး သလပ်ခွာနယ်မြေရဲ စခန်းက သေမှုသေခင်းဖွင့်ပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်၊ မဟုတ် စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူတွေက ပြောပါတယ်။