စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီးတယောက် စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက မိမိကိုယ်ကို သေနတ်နဲ့ပစ်ပြီး သတ်သေသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရေဦးခရိုင်ထဲမှာပါတဲ့ မြို့နယ်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေ မကြာခဏ သေနတ်နဲ့ပစ်သတ်ခံရပြီး စစ်ကောင်စီက လုံခြုံရေးပေါ့ဆမှုကြောင့်ဆိုကာ ထုချေလွှာတောင်းခံလို့ ဖိအားများပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ဝန်ထမ်းအိမ်ရာထဲက သူနေတဲ့အခန်းမှာ တံခါးကိုပိတ်ပြီး သူ့သေနတ်နဲ့သူ သတ်သေသွားတာပါ။ ဖိအားတွေအရမ်းများတော့ ဒီလမ်းပဲရှိတယ်။ ထွက်ချင်လည်း ထွက်လို့မှမရတာ။”
သေဆုံးသွားတဲ့ ခရိုင်ရဲမှူးမှာ ရဲအပတ်စဥ် ၁၆ မှ ဒုတိယရဲမှူးကြီးဝင်းနိုင် ဖြစ်ကာ အဆိုပါသေဆုံးမှုနဲ့ ပတ်သက်ပြီး ခရိုင်ရဲတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရဲအသိုင်းအဝိုင်းက သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရဲအချင်းချင်း ပစ်ခတ်တာတွေ၊ စစ်ကောင်စီရဲ့ ဖိအားပေးမှုတွေကြောင့် မိမိကိုယ်ကို သေနတ်နဲ့ပစ်ကာ သေဆုံးခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိပါတယ်။