
ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ၂/တောင်ရပ်ကွက်၊ ဇောတရုံလမ်းနဲ့ မာန်ပြေ ၁ လမ်း အနောက်လမ်းဆုံမှာ ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းက လူငယ်နှစ်ယောက် ပစ်ခတ်ခံရပြီး တယောက်သေဆုံးကာ တယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူ တယောက်က ပြောပါတယ်။
ဒီကနေ့မနက် ၁၀ နာရီခွဲက သာကေတမြို့နယ် ၂/တောင်ရပ်ကွက်၊ ဇောတရုံလမ်းနဲ့ မာန်ပြေ ၁ လမ်း အနောက်လမ်းဆုံမှာ စကားပြောနေတဲ့ လူငယ်နှစ်ယောက်ကို ဘက်ထရီစက်ဘီး စီးလာတဲ့ အမျိုးသားနှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
“စက်ဘီးနဲ့လာပစ်တာ၊ အနောက်ကယ်ရီယာခုံမှာ ထိုင်တဲ့သူက ပစ်တာ။ အပစ်ခံရတဲ့သူက ရပ်ကွက်ထဲက နာမည်ကြီး ဒလန် စစ်သားပေါ်တော၊ သူသေတာ။ နောက်တဦးက ပေါင်ပဲထိသွားတာ။”
သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသူမှာ ကျော်ကျော်လင်း (ခ) စစ်သားပေါ်တော ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ကိုပိုင်မှူးခန့်ဖြစ်တယ်လို့ ရပ်မိရပ်ဖတယောက်က ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်တွေက ၂/တောင်ရပ်ကွက် ဇောတရုံလမ်းနဲ့ မာန်ပြေ ၁ လမ်း အနောက်လမ်းဆုံမှာ ဘက်ထရီစက်ဘီး စီးလာသူမှန်သမျှ စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၁၆ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၂၂ ကြိမ်ဖြစ်ခဲ့ပြီး လေးယောက် သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။