Home
မြန်မာသတင်း
နမ့်ခန်းမြို့တွင် ဗုံးပေါက်ကွဲ၊ တိုက်ပွဲများဖြစ်
နော်နိုရင်း
·
April 24, 2014

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခန်းမြို့၊ ပြည်သူ့စစ် ပန်ဆေးဦးကျော်မြင့်ပိုင်တဲ့ ၈၈၈ စီးကရက်စက်ရုံဝင်းမှာ ဧပြီ ၂၃ ရက် ည ၁၉း၄၅ နာရီအချိန်မှာ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါ တယ်။

[caption id="attachment_55439" align="alignright" width="300"]နမ့်ခန်းမြို့ နမ့်ခန်းမြို့[/caption]

ဒီပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ နမ့်ခန်းမြို့နယ် ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းဆိုင်ဝမ်း က ပြောပါတယ်။

“ပန်ဆေးကျော်မြင့်တို့လုပ်တဲ့ စီးကရက်ရုံ လို့ပဲ ခေါ်ကြတာပေါ့။ ထိခိုက်မှုကတော့ ရဲမှူးပြောတာကတော့ ထိတော့ ထိတယ်တဲ့။ ဆေးရုံမှာ တက်နေတယ်တဲ့။ ဘယ်နှယောက်လဲတော့ မသိဘူး။ မြို့ထဲမှာ လုံခြုံရေးကတော့ ညပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စောင့်ပေးဖို့။ မြို့ထဲမှာ ဗုံးမပေါက်ဖို့ သူတို့ တာဝန်ယူပေးလာတယ်။”

အခုရက်ပိုင်းအတွင်း နမ့်ခန်းမြို့နယ်ဝန်းကျင်မှာ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ တအာင်းတပ်မတော်၊ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီနဲ့ နေစဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း ပြောပါတယ်။

မနေ့က နမ့်ခန်းမြို့နဲ့ ၂ ဖာလုံလောက်ဝေးတဲ့ မြန်မာ့တပ်မတော် တပ်စခန်း (စခန်းသစ်)မှာ  တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) တပ်ရင်း ၁၁၂ တပ်ဖွဲ့က ၀င်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အစိုးရတပ်ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့လည်း စိုင်းဆိုင်ဝမ်းက ပြောပါတယ်။

“မနေ့က စခန်းသစ်ကုန်းမှာ ချုံခိုတိုက်တယ်။ ခဏလေးပါ။ ၇ ယောက်၊ ၈ ယောက် ကျတယ်လို့တော့ ကြားတယ်။ ဒါပေမယ့် သေသေချာချာတော့ မပြောနိုင်ဘူး။”

ဒါ့အပြင် မနေ့ကတရက်တည်းမှာပဲ နမ့်ခန်းမြို့အနီးက ကြူဆိုင်းရွာမှာ တိုက်ပွဲဆက်ဖြစ်ပွားပြီး တအာင်းတပ်မတော်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် မြန်မာစစ်ကြောင်းရဲ့ ယာဉ်ကို ထိမှန်ပြီး မြန်မာဘက်က အနည်းဆုံး ၁၀ ဦးကျဆုံးခဲ့တယ်လို့  တအာင်းတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က ပြောပါတယ်။

ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ အစိုးရဘက်က တစုံတရာသတင်းမထုတ်ပြန်သလို မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

နမ့်ခန်းဒေသမှာ အစိုးရတပ်နဲ့ တအာင်းတပ်မတော်တွေအပြင် ကချင်လွတ်လပ်ရေးတပ်မတော်၊ ရှမ်းပြည်တိုးတက်ရေးပါတီတို့နဲ့လည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့်  နမ်းခန်းမြို့ပေါ်မှာ ကချင်ဘက်က စစ်ပြေးဒုက္ခသည် ထောင်ချီထွက်ပြေးခိုလှုံနေကြရပြီး လက်ရှိမှာတော့ ဒီဒုက္ခသည်တွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) အဖွဲ့က ကူညီထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024