စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကလေးနည်းပညာတက္ကသိုလ်မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်တွေ စုစုပေါင်းအင်အား ၁၅၀ လောက် တပ်အပြောင်းအလဲ ပြုလုပ်စဉ် ကလေးမြို့အထွက် ဇင်းကလင်းတံတားပေါ်မှာ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့ရတဲ့ ကလေး UGF နင်ဂျာအဖွဲ့ တပ်ဖွဲ့ဝင်က ဒီဗွီဘီကို ပြောပါတယ်။
“တပ်အချိန်းအပြောင်းလုပ်တာ ကြိုသတင်းရလို့ ဇင်းကလင်းတံတားပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ မိုင်းဆွဲခံရပြီး သူတို့ဘက်က တပ်သား ၃ ဦး ပွဲချင်းပြီး ကျဆုံးသွားတာ။ ခြေပြတ်၊ လက်ပြတ်တွေ အများကြီးလည်း တွေ့ခဲ့ရတယ်။ အင်အားမမျှတာကြောင့် ခံပစ် ပစ်ပြီး နောက်ဆုတ်ခဲ့ကြရတာ။”
အဲ့ဒီမိုင်းဆွဲတိုက်ခိုက် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစုံတရာ ထိခိုက်ကျဆုံးမရှိဘဲ မိမိဌာနေ တောင်ပေါ်မြေကို ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း ကလေး UGF နင်ဂျာက အသိပေးထားပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီတပ်သားတွေက ကလေး-ဂန့်ဂေါလမ်းမပေါ် အင်အားသုံး ထိုးစစ်ဆင်နေတာကြောင့် ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ ကလေး-ဂန့်ဂေါလမ်းမပေါ် အသုံးမပြုကြဖို့ ကလေးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက အသိပေးထားပါတယ်။