DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု အထောက်အထားများကို ဖေ့စ်ဘွတ်က ကုလစုံစမ်းစစ်ဆေးသူထံ ပေးအပ်
DVB
·
September 13, 2022
မြန်မာစစ်တပ်ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု အထောက်အထားများကို ဖေ့စ်ဘွတ်က ကုလစုံစမ်းစစ်ဆေးသူထံ ပေးအပ်
Donate to DVB

မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ စွဲချက်တင်နိုင်ဖို့  အထောက်အကူဖြစ်စေမယ့် အချက်အလက် အထောက်အထားပေါင်း သန်းနဲ့ချီပြီး ဖေ့စ်ဘွတ်ခ်က ပေးအပ်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးသူများအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

၂၀၁၈ ခုနှစ်က စတင်ကာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အဖွဲ့ဟာ နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ တရားရုံးတွေမှာ မြန်မာစစ်တပ်ကို တရားစွဲဆိုနိုင်ရေး အချက်အလက်အမှုတွဲတွေ ပြင်ဆင်တည်ဆောက်နေတာ ဖြစ်ပါတယ်။

ပုဂ္ဂလိက အချက်အလက်အမှားတွေ တင်ပြခဲ့တာကြောင့် ဖြုတ်(ပိတ်)ချခဲ့တဲ့ အကောင့်တွေရဲ့ ကွန်ရက်ကနေရတဲ့ သန်းနဲ့ချီတဲ့ အချက်အလက်တွေ ဖေ့စ်ဘွတ်ခ်က မျှဝေပေးခဲ့ကြောင်း IIMM အဖွဲ့ရဲ့ခေါင်းဆောင်က ဂျီနီဗာမှာကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာပေါင်း ၇ သိန်းကျော်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းစစ်ဆင်ရေးတွေကြောင့် ဂမ်ဘီယာက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာတရားစွဲထားလို့ အမှုရင်ဆိုင်နေရပါတယ်။

ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်အရေးယူဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းချက်တွေကို ထောက်ခံအားပေးကြောင်း ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ကလည်း ပြောထားပါတယ်။

ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေးယန္တရားကို  ဥပဒေနဲ့အညီ မိမိတို့ဆန္ဒအတိုင်း အချက်အလက်တွေ မျှဝေပေးခဲ့ကြောင်းနဲ့ ICJ မှာ အမှုဖွင့်ခဲ့တဲ့ ဂမ်ဘီယာကိုလည်း သက်ဆိုင်ရာ သတင်းအချက်အလက်တွေ မျှဝေပေးခဲ့ကြောင်း Meta ကုမ္ပဏီရဲ့ လူ့အခွင့်အရေးမူဝါဒဆိုင်ရာဒါရိုက်တာ မီရန်ဒါဆစ်ဇန်က ရေးသားဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေဖြစ်ပေါ်စေတဲ့ အမုန်းစကားဖြန့်ဝေမှုတွေ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာ ဖြစ်ပွားနေတယ်လို့  ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးသူတွေက ၂၀၁၈ ခုနှစ်မှာ ပြောကြားခဲ့တာရှိပြီး အမုန်းစကားရေးသားမှုတွေကို တားမြစ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဖေ့စ်ဘွတ်ခ်က တုံ့ပြန်ခဲ့ပါတယ်။

အခု ဖေ့စ်ဘွတ်ခ်အပါအဝင် သတင်းရင်းမြစ်ပေါင်း ၂၀၀ ကျော်က ရရှိထားတဲ့ အချက်အလက်တွေကို စုပေါင်းသုံးသပ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြင်ဆင်တည်ဆောက်ထားတဲ့ ပြစ်မှုထင်ရှားပြီး ယုတ္တိကျကျစစ်ဆေးထားတဲ့ သတင်းအချက်အလက်အမှုတွဲပေါင်း ၆၇ ခုရှိပြီဖြစ်ကြောင်းနဲ့ အဲဒီအချက်အလက်အမှုတွဲတွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) အပါအဝင် တရားရေးအာဏာပိုင်တွေကို မျှဝေပေးသွားဖို့ ရည်ရွယ်ထားကြောင်း IIMM အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ICC ရဲ့ သဘောတူစာချုပ် (ရောမစာချုပ်) မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့  ပိုင်နက်ထဲကို ဖိအားပေးမောင်းထုတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့  အမှုထပ်ဖွင့်ဖို့ ICC က ကြိုးပမ်းနေပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ငြင်းဆန်နေတဲ့ မြန်မာစစ်တပ်ကတော့ အကြမ်းဖက်သမားတွေကို ဥပဒေအတိုင်းစစ်ဆင်ရေး ဆောင်ရွက်ခဲ့တာလို့  ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013