
ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ့်လောဝ်းမြို့နယ်၊ မယ့်လောဝ်းချောင်းထဲမှာ စက်တင်ဘာ ၁၁ ရက်က ရေထဲမျောလာတဲ့ အမျိုးသမီး တယောက်ရဲ့အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ ရှိခဲ့ပါတယ်။
အဆိုပါအမျိုးသမီးဟာ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင် ပန်တိန်ရွာကဖြစ်ပြီး ထိုင်းမှာ အလုပ်လာလုပ်ဖို့ ဝင်ရောက်လာစဉ် ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်က သူတို့စီးလာတဲ့ ကား ချင်းရိုင်းခရိုင် မယ့်ဆွေမြို့နယ်ထဲမှာ မတော်တဆ ထိခိုက်မှုဖြစ်ပြီး ချောင်းထဲ ထိုးကျသွားတာလို့ ချင်းမိုင်နာရေးကူညီမှုအဖွဲ့မှ စိုင်းတိုင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။
“သူတို့လင်မယားက အိမ်မှာစားဝတ်နေရေး အဆင်မပြေလို့ နို့စို့ရွယ် ၆ လသားကလေးကို အတင်း နို့ဖြတ်ပြီး အဘိုးအဘွားတွေနဲ့ထားခဲ့တာ၊ ဖြစ်ချင်တော့ သူတို့စီးလာတဲ့ ကားက ရေထဲထိုးကျသွားတယ်။ အဲဒီကားပေါ်မှာ သူရယ်၊ သူ့ယောကျာ်းရယ်၊ နောက် ၁၈ - ၁၉ နှစ်ရွယ် လူငယ် ၂ ယောက်ပြီးတော့ ကားမောင်းသမားပါတယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေက ကားကိုဝိုင်းပြီး ဆွဲထုတ်တာ၊ သူ့ယောက်ျားနဲ့ ကျန်တဲ့ လူတွေကဒဏ်ရာပဲရတယ်၊ သူကတော့ရေထဲမျောပါသွားတာ။ သူ့အလောင်းကို ၇ ရက်မြောက်နေ့မှ ဖြစ်တဲ့နေရာနဲ့တော်တော်ဝေးတဲ့ မယ့်လောင်းမြို့နယ် အဝင် တံတားအောက်မှာ ပြန်တွေ့တာပါခင်ဗျ။”
အသက် ၃၀ နှစ်အရွယ် သေဆုံးသူအမျိုးသမီးရဲ့ အလောင်းကိုတော့ စက်တင်ဘာ ၁၂ ရက် ညက မယ့်လောင်းမြို့နယ် တုန်မတ်ဖိန်းကျေးရွာသုသာန်မှာ မီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်။
သူ့အမျိုးသားနဲ့ ကျန်လူငယ် ၂ ယောက်ကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ ကားသမားကိုတော့ တရားမဝင်အလုပ်သမားသယ်ဆောင်မှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး လောလောဆယ် ချင်းရိုင်းခရိုင်လဝကအကျဉ်းထောင်ထဲရောက်နေတယ်လို့ ပြောပါတယ်။
သေဆုံးသူအမျိုးသမီးဟာ ထိုင်းနိုင်ငံမှာ အထောက်အထားမရှိပေမဲ့ မော်တော်ယာဉ်အာမခံဥပဒေအရ နစ်နာကြေးတွေရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ စိုင်းတိုင်းထိန်က ပြောပါတယ်။