
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ အလ္လကပ္ပရွာကနေ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၀ ပါ စစ်ကောင်စီတပ်ကို ဂွေးပင်တောနဲ့ ရေပိုးစားရွာကြားမှာ စက်တင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရီ ကျော်က မိုင်ဆွဲခဲ့တယ်လို့ မြင်းမူ Black Egalအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
မြင်းမူ Black Egale တာဝန်ရှိသူ ဗိုလ်သုံးဆယ်က “သူတို့ ထွက်လာပြီဆိုတာနဲ့ ကျနော်တို့ မဟာမိတ်အဖွဲ့တွေ ကြိုတင်ပြင်ဆင်ပြီး တဖက်ပွင့် ပြောင်း ၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ၁၅ ယောက်တော့ နေရာတင်လဲကျတာကိုတော့ မြင်ခဲရတယ်ဗျ။ သူတို့ကို ဝင်တိုက်ဖို့ သေနတ်မရှိလို့။ ကြိုတင်ပြင်ဆင်ချိန်ရော၊ နယ်မြေ ကျွမ်းကျင်တာကို အသုံးချတိုက်ခဲ့တာကြောင့် အထိအခိုက် မရှိခဲဘူး” လို့ ပြောပါတယ်။
အလားတူ စက်တင်ဘာ ၁၁ ရက် ည ၁၂ နာရီ (၁၂ ရက် မနက်အစောပိုင်း)လောက်က မုံရွာမြို့အဝင် မအူကျေးရွာထိပ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်စခန်းကို ဒေသကာကွယ်ရေးတပ် ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ People's Defence Force - South Monywa တာဝန်ရှိသူ တဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်တဲ့ ညက ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေဘက်က လက်နက်ကြီးကျည် စုစုပေါင်း ၄၉ လုံးအပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်။ အပြန်လှန်ပစ်ခတ်တာတွေ ရှိခဲ့တာပေါ့။ ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေဘက် ရဲဘော်တချို့ ပွန်းပဲ့ဒဏ်ရာ ရတာကလွဲရင် ကျန်တာ အထိခိုက်မရှိ ဘေးကင်းခဲ့တယ်။"
တိုက်ခိုက်မှုဖြစ်ပွားချိန် မနက်အစောပိုင်းက မုံရွာမြို့အတွင်း နေရာတချို့မှာလည်း ပေါက်ကွဲသံနဲ့ သေနတ်သံတွေ ကျယ်လောင်စွာကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ မအူစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၇ ရက်မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၉ ရက် မနက် ၉ နာရီလောက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ အိမ်စီးကား ၂ စီးကို ရွှေဘို - ကျောက်မြောင်းလမ်းပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ဆိုင်းပစ်ခတ်ရာမှ အပြန်လှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ Black Wolf - Army အဖွဲ့က စက်တင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
Black Wolf - Army အဖွဲ့ တာဝန်ရှိသူတဦးက “သတင်းအတိကျရလို့ အဲဒီ ပါရာဒိုကားနဲ့ ဘင်ကားကို စောင့်ပြီးပစ်တာ။ ကားထဲမှာ ပါလာတဲ့ ကောင်တွေကလည်း ပြန်ပြီး ပစ်ခတ်လာတော့ အပြန်လှန်ပစ်ခတ်တာတွေ ဖြစ်သွားတယ်။ သူတို့ ကားတစီးလည်း ကျည်ထိမှန်ပျက်စီးပြီး ကားဂွေပါ ကျကျန်ခဲ့တယ်။ ကားမှာပါလာတဲ့ ကောင်တွေ ထိခိုက်သေဆုံးတာများနိုင်ပေမယ့် အသေးစိတ်ကို စုံစမ်းနေဆဲပဲ" လို့ ပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၉ ရက် ညနေ ၄ နာရီလောက်ကလည်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိတဲ့ မုဆိုးခြုံ၊ ယင်းမာကန်နဲ့ ဖွတ်လှိုင်းကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းအပြင် မြေပြင်ကပါ စစ်ကြောင်းထိုး တိုက်ခိုက်တာတွေ ရှိခဲ့ပြီး ပြန်ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကားတွေကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလဒုတိယပတ်အကုန်ကစလို့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲအဆက်မပြတ်ဖြစ်ပွားပြီးနောက် မုံရွာ-အမြင့်လမ်း၊ မုံရွာ-ချောင်းဦးလမ်း၊ ခင်မွန်-ချောင်းဆုံ လမ်းပိုင်းတွေကို စက်တင်ဘာ ၁၂ ရက် ညနေ ၅ နာရီခွဲက စပြီး ယာယီပိတ်လိုက်တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ပါတယ်။
အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားတာကြောင့် အဲဒီလမ်းတွေကို လုံခြုံရေးအတွက် လုံးဝ အသုံးမပြုဖို့နဲ့ မလိုက်နာပါက လုံခြုံရေး အာမ မခံကြောင်း Chaung U People Defense Force (CHUPDF)က ထုတ်ပြန်ထားပါတယ်။
အလားတူ မုံရွာ-ချောင်းဦး-မြင်းမူ လမ်းပိုင်း၊ မုံရွာ-အမြင့် လမ်းပိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်း (ကုန်းကြောင်း၊ ရေကြောင်းအပါအဝင်)တွေကို စက်တင်ဘာ ၁၂ ရက် ညနေမှ စပြီး အရေးပေါ် အခြေအနေကြောင့် ယာယီပိတ်ထားတယ်လို့ Farmers Revolution Force FRF (CHU) တပ်ရင်းနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းက အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ကာ သတင်းအမှောင်ချထားပြီး အခုတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမ ရှိသေးပါဘူး။