
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ထားဝယ်အကျဥ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း ကိုမျိုးမင်းဦးကို စစ်ကောင်စီတပ်ကနေ စက်တင်ဘာ ၁၂ ရက်၊ ညနေ ၄ နာရီလောက်က ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသား ကိုမျိုးမင်းဦးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလအတွင်းက ဇမ္ဗူသီရီပရဟိတအဖွဲ့ ရုံးမှာရှိနေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိုးကြိတ်ဖမ်းဆီးတာခံခဲ့ရပြီး ခြောက်လလောက်အကြာ အောက်တိုဘာ ၂၀ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။
ပြန်လွတ်လာပြီးနောက် အားဖြည့်အချိုရည် ကုမ္ပဏီတခုမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေစဥ် ထားဝယ်မြို့၊ ခုံဝင်းဒပ်ရပ်ကွက်၊ ရပ်တော်မူဘုရားအနီးက ရုံးခန်းမှာ ဝင်ရောက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဘာလို့ အခုလိုအဖမ်းခံရတာလဲဆိုတာကိုတော့ မသိရသေးပါဘူး။
အခုလိုဖမ်းဆီးခံရတာကြောင့် တခြားနိုင်ငံရေးအကျဥ်းသား/သူဟောင်းတွေလည်း စိုးရိမ်နေကြရတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသူဟောင်းတဦးက ဒီဗွီဘီကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်၊ မနက်ပိုင်းကလည်း ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုအောင်ဝေယံထွန်းကို ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးစရာရှိလို့ဆိုကာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက် နေအိမ်မှာ လာရောက် ဖမ်းဆီးသွားပါတယ်။
လက်ရှိ ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ၂၀၁ ဦးနဲ့ နိုင်ငံရေးအကျဥ်းသူ ၄၂ ဦးရှိပြီး စုစုပေါင်းအမှုရင်ဆိုင်ဆဲကတော့ ၁၃၀ ဦး လောက်ရှိတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN ထံကနေ သိရပါတယ်။