နေပြည်တော်ရဲ့ ကျေးရွာရပ်ကွက်တိုင်းနီးပါးမှာ မဘသအဖွဲ့ဝင်တွေပါဝင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းပြီး သင်တန်းတွေ ပေးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို နေပြည်တော်မှာ ပြီးခဲ့တဲ့ မေလပိုင်းလောက်ထဲက ဖွဲ့စည်းထားတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အခြေခံစစ်ပညာတွေကို သင်တန်းပေးနေတယ်လို့ သိရပါတယ်။ ပြည်သူ့စစ်တွေကို နေပြည်တော်က ရပ်ကွက်ကျေးရွာတွေအလိုက် ဖွဲ့စည်းထားတယ်လို့လည်း သိရပါတယ်။
“လယ်ဝေးဘက်က ရွာအချို့ကို သင်တန်းပေးပြီးသွားပြီ။ အခု ပျဉ်းမနားထဲမှာ သက်တန်းပေးနေတယ် ပြောတယ်။ ပြည်သူ့စစ်အဖွဲ့ဝင် အများစုကတော့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်ရာရာတွေပေါ့” လို့ နေပြည်တော် ဒေသခံတယောက်က ပြောပါတယ်။
ပြည်သူ့စစ်တွေအနေနဲ့ မိမိရပ်ရွာကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဖွဲ့စည်းထားတာဖြစ်ပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးမှာဖြစ်တယ်လို့လည်း ပြည်သူ့စစ်အဖွဲ့ဝင်တယောက်က ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို ကျေးရွာ၊ ရပ်ကွက်အလိုက် စစ်မှုထမ်းဟောင်းတွေနဲ့ ဦးဆောင်ဖွဲ့စည်းထားပြီး အခုနောက်ပိုင်းမှာ မဘသအဖွဲ့ဝင်တွေကိုပါ ထည့်သွင်းဖွဲ့စည်းထားတယ်လို့လည်း သိရပါတယ်။