Home
မြန်မာသတင်း
တောင်သူများကို စစ်ကောင်စီက ဓာတ်မြေဩဇာ ၁ ပြည်စီသာပေးပြီး ဓာတ်ပုံရိုက် ဝါဒဖြန့်
DVB
·
September 12, 2022

ဧရာဝတီတိုင်းမှာ ဒေသခံတောင်သူတွေကို စစ်ကောင်စီက ဓာတ်မြေဩဇာဖြန့်ဝေပေးတယ်ဆိုပြီး ဓာတ်ပုံရိုက် ဝါဒဖြန့်နေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။ 

ဒေသခံတောင်သူတွေကို ဓာတ်မြေဩဇာဝေပေးမယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ခေါ်ယူကာ ဓာတ်ပုံမှတ်တမ်းတွေရယူပြီး ဝါဒဖြန့်နေပေမဲ့ တောင်သူ ၁ ဦးကို ဓာတ်မြေဩဇာ ၁ ပြည်နှုန်းသာ ရရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။ 

လေးမျက်နှာမြို့က တောင်သူတဦးက “ခက်ခဲနေတဲ့အချိန်ဆိုတော့ တကယ်ပြောရရင် လိုချင်တာပေါ့၊ ထောက်ပံ့ပေးမယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောတော့ ဝမ်းသာသွားတာပေါ့။ သွားတဲ့နေရာလည်းရောက်ရော တရွာကို တအိတ်ရထားတယ်။ ခွဲယူရမယ်လို့ ပြောတယ်။ အဲဒီနေရာမှာတင် ထဆဲချင်တာ။ တကယ်ဆို တောင်သူတဦးကို တအိတ်ရတယ် ဆိုရင်တောင် မလောက်ဘူးလေ။ ခုဟာက တပြည်ဆိုတော့ စေတနာမပါတာ သိသာတယ်။ တောင်သူတွေကတော့ အဘက်ဘက်ကခံနေရတယ်”လို့ ပြောပါတယ်။ 

စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက တောင်သူတွေကို စုခေါ်ကာ ဓာတ်မြေဩဇာထောက်ပံ့တဲ့ ပုံတွေကို ဓာတ်ပုံရိုက်မှတ်တမ်းယူပြီး စစ်ကောင်စီရဲ့ ပြည်နယ်အစိုးရအဖွဲ့ လူမှုကွန်ရက်နဲ့ သတင်းစာတွေမှာပါတာကို နောက်မှသိရတာလို့ ဆိုပါတယ်။ 

ခုလိုမျိုး ဒေသခံတောင်သူတွေကို ဓာတ်မြေဩဇာထောက်ပံ့တယ်ဆိုပြီး ဟန်ပြလုပ်ကာ မှတ်တမ်းဓာတ်ပုံတွေ ဝါဒဖြန့်နေတဲ့အပေါ် စိတ်မကောင်းဖြစ်မိပြီး စပါးထွက်တဲ့နှုန်းကတော့ လျော့နည်းလာနိုင်တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေ အထွေထွေကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ခံရချိန်မှာ တောင်သူတွေလည်း ခံရသလို စိုက်ပျိုးရေးသွင်းအားစုတွေဖြစ်တဲ့ ဒီဇယ်ဈေးနဲ့ ဓာတ်မြေဩဇာဈေးမှာလည်း ၃ ဆကျော်မြင့်တက်လာတာကြောင့် တောင်သူတွေအနေနဲ့ ကုန်ဈေးနှုန်းဒဏ်ကို နှစ်ခါခံနေရသလိုမျိုး ဖြစ်နေပြီး သွင်းအားစုတွေမသုံးနိုင်လို့ ထွက်နှုန်းကျဆင်းလာမှာ ဖြစ်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024