
စစ်ကိုင်းတိုင်း ကလေးခရိုင်၊ မင်းကင်းမြို့ပေါ်က မြန်မာစီးပွားရေးဘဏ်မှာ စက်တင်ဘာ ၁၂ ရက် မနက် ၅ နာရီကျော်က ဗုံးပေါက်ခဲ့တယ်လို့ မင်းကင်းဘဏ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“မနက်ခင်းအစောကြီး ပေါက်ကွဲတာ။ ဘဏ်ပိတ်ထားချိန်ဆိုတော့ လူတွေ အထိခိုက်မရှိဘူး။ အဆောက်အအုံကတော့ ပျက်စီးတယ်။ အတွင်းက ကွန်ပျူတာတွေ ပျက်စီးတယ်။”
စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစလို့ အခုလို မြို့ပေါ်မှာ ပေါက်ကွဲတာဟာ ဒါပထမဆုံးပဲလို့ ဒေသခံတွေက ပြောပါတယ်။
မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ တပ်ရင်းမှူး ဗိုလ်မင်းဒင်က “အခုဖောက်ခွဲတာကို ကျနော်တို့ လုပ်ခဲတာပါ။ ပဒေသာမိုင်း ၂ လုံး ခွဲခဲ့တယ်။ အထိခိုက်ကတော့ စုံစမ်းနေဆဲပဲ” လို့ ပြောပါတယ်။
အခုလိုပေါက်ကွဲမှုအပြီး မင်းကင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးတပ်ကျပ်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီအခြေစိုက်ရာစခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှာဖြစ်လို့ မင်းကင်းမြို့ပေါ်နေ ပြည်သူတွေ ဘေးကင်းရာမှာ နေထိုင်ကြဖို့ မင်းကင်းပြည်သူကာကွယ်ရေးတပ်ရင်း ၂ အနေနဲ့ မေတ္တာရပ်ခံထားပါတယ်။
စက်တင်ဘာလထဲမှာ စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်းနဲ့ မင်းကင်းမြို့နယ် တောင်တွင်း ချောင်ဒေသကို စစ်ကြောင်း ထိုးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ မင်းကင်းဒေသခံတွေက ပြောပါတယ်။